ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းခြင်းမပြုလုပ်ရန် အမေရိကန်လွှတ်တော်အမတ်များက တရုတ်ကို သတိပေး

ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းခြင်းမပြုလုပ်ရန် အမေရိကန်လွှတ်တော်အမတ်များက တရုတ်ကို သတိပေး

အမေရိကန်အထက်လွှတ်တော်အမတ် ၄၀ ကျော်ပါဝင်သော နှစ်ပါတီအမတ်များအဖွဲ့က တရုတ်အစိုးရအနေဖြင့် ဆန္ဒပြပွဲများကို ပြင်းပြင်းထန်ထန် ဖြိုခွင်းခြင်းမပြုရန်နှင့် ထိုလုပ်ရပ်က နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးဆိုးရွားရွား ပျက်စီးစေမည်ဟု ဒီဇင်ဘာ ၁ ရက်က သတိပေးလိုက်သည်။

ဒီမိုကရက်အမတ် ဒန်ဆူလီဗန်နှင့် ဂျက်မာလေ၊ ရီပတ်ဘလစ်ကန်အမတ် မစ်ချ်မက်ကော်နယ်နှင့် တော့ဒ်ယန်းတို့ ဦးဆောင်သော အထက်လွှတ်တော်အမတ် ၄၂ ဦးက ၎င်းတို့သည် တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ဆန္ဒပြမှု များကို သေချာ စောင့်ကြည့်နေကြောင်း ဝါရှင်တန်မှ တရုတ်သံအမတ် ချင်းဂန်ထံ စာရေးသားခဲ့သည်။

“လွတ်လပ်မှုကို ပိုလိုချင်တဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ တရုတ်ဆန္ဒပြသူတွေကို ပြင်းထန်တဲ့နှိမ်နင်းမှုတွေမလုပ်ဖို့ ကွန်မြူနစ်ပါတီကို သတိပေးလိုက်ပါတယ်။ နှိမ်နင်းမယ်ဆိုရင် အမေရိကန်-တရုတ် ဆက်ဆံရေးအတွက် ဆိုးရွား တဲ့ အကျိုးဆက်တွေ ရှိလာပြီး ဆိုးကျိုးတွေဖြစ်လာစေမှာပါ” ဟု ရေးသားထားသည်။

ကမ္ဘာတွင် အပြင်းထန်ဆုံးကိုဗစ်-၁၉ ဆိုင်ရာ သီးသန့်ခွဲထားစောင့်ကြည့်မှုအပေါ် ဆန့်ကျင်သော ဆန္ဒပြမှု များသည် တရုတ်နိုင်ငံတွင် လတ်တလောပေါ်ပေါက်လာပြီး ၂၀၁၂ ခုနှစ် သမ္မတ ရှီကျင့်ဖျင် အာဏာရပြီး နောက်ပိုင်း ပြည်သူများ၏ မကြုံစဖူး အာဏာဖီဆန်မှုဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က တီယန်နန်မင်ရင်ပြင် ဖြိုခွင်းမှုဖြစ်ပွားပြီးနောက် အမေရိကန်နှင့် အနောက်နိုင်ငံအစိုးရများစွာက တရုတ်အား ဆန္ဒပြသူများကို သတ်ဖြတ်မှုအတွက် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် ကနေဒါတို့က တရုတ်နိုင်ငံ ရှင်ကျန်းဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲမှုများနှင့် ပတ်သက်၍ ယမန်နှစ်က တရုတ်အရာရှိများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပြီး လူနည်းစု မွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်က သတ်မှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required