တရုတ်အစိုးရက စီးပွားရေးလုပ်ငန်းကြီးများကို အကျပ်ကိုင်သည့်နည်းလမ်းဖြင့် ခြိမ်းခြောက်နေ

တရုတ်အစိုးရက စီးပွားရေးလုပ်ငန်းကြီးများကို အကျပ်ကိုင်သည့်နည်းလမ်းဖြင့် ခြိမ်းခြောက်နေ

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် အကြီးစားစီးပွားရေးလုပ်ငန်းများနှင့် တည်ထောင်သူများကို ခြိမ်းခြောက်ရန် ကြိုးပမ်းရာတွင် ပါတီ၏စီးပွားရေး သို့မဟုတ် နိုင်ငံရေးပန်းတိုင်များနှင့် မကိုက်ညီဟု ယူဆသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့ခြင်း ဖြတ်တောက်လိုက်ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြထားသည်။

ပါတီတစ်ခုလည်း ဖြစ်နေသည့်အစိုးရသည် ဖိနှိပ်ချုပ်ချယ်သောမူဝါဒများကို လိုက်နာရန်ငြင်းဆိုသည့် စီးပွားရေးလုပ်ငန်းကြီးများအပေါ် အချိန်ယူပြင်ဆင်ထားသည့် နှိမ်နင်းမှုကို စတင်လိုက်ပြီဟု အွန်လိုင်းသတင်း ဝက်ဘ်ဆိုက် Financial Post က ‘တရုတ်ရှိ နည်းပညာရှင်ကြီးများနှင့် စီးပွားရေးလုပ်ငန်းကြီးများအပေါ် CCP ၏ ခြိမ်းခြောက်သော နည်းဗျူဟာ’ ဟု ခေါင်းစဉ်တပ်ထားသော သတင်း၌ ဖော်ပြထားသည်။

တရုတ်ဘီလျံနာ ဂျက်မား၏အခြေအနေမှာ ကွန်မြူနစ်ပါတီ၏ အကျပ်ကိုင်သောနည်းလမ်းဖြင့် ခြိမ်းခြောက်မှုကို ပြသနေသည်ဟု သတင်း၌ ဆိုထားသည်။ ထို့ကြောင့် အလားတူစိုးရိမ်မှုများ ဖြစ်ဖူးကြသော တခြားစီးပွားရေး လုပ်ငန်းရှင်များအကြား ကြောက်ရွံ့မှုများ အမြဲဖြစ်စေခဲ့သည်။

ဂျက်မားသည် အစိုးရဘဏ်များအား အပေါင်ဆိုင်စိတ်ထား ထားရှိသည်ဟု စွပ်စွဲကာ ၂၀၂၀ ခုနှစ်က တရုတ် စည်းမျဉ်း ထိန်းချုပ်ရေးအာဏာပိုင်များအား ပြစ်တင်ဝေဖန်ပြီးနောက် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ဝေဖန်မှုများအပြီးတွင် ဂျက်မား၏ Ant Group လုပ်ငန်းစုနှင့် အွန်လိုင်းကူးသန်းရောင်းဝယ်ရေးကုမ္ပဏီကြီး Alibaba သည် စည်းမျဉ်းဆိုင်ရာ အဟန့်အတားများစွာကို ရင်ဆိုင်ခဲ့ရသည်။ တရုတ်စည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်များက Ant Group ၏ အများပိုင်အစုရှယ်ယာများကို ဖျက်သိမ်းကာ ယမန်နှစ်က လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေးဥပဒေကို ချိုးဖောက်မှုအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ဒဏ်ငွေရိုက်ခဲ့သည်ဟု Financial Times က ဖော်ပြခဲ့သည်။ တရုတ်ဘဏ္ဍာရေးစည်းမျဉ်းထိန်းသိမ်းရေးအာဏာပိုင်များသည် CCP ၏စီးပွားရေး သို့မဟုတ် နိုင်ငံရေး ရည်မှန်းချက်များနှင့် မကိုက်ညီဟု ရှုမြင်သော အစိုးရပိုင်မဟုတ်သည့်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့မှု ပိတ်ဆို့ထားကြောင်း သမ္မတ ရှီကျင့်ဖျင်လက်ထက်တွင် အမေရိကန်-တရုတ်စီးပွားရေးနှင့် လုံခြုံရေး ပြန်လည်သုံးသပ်ရေးကော်မရှင် (USCC) က ပြောသည်။

တရုတ်အစိုးရသည် အကြွေးထူနေသော အိမ်ခြံမြေကုမ္ပဏီများကို ငွေချေးခြင်းမပြုရန် ဘဏ်များကို တားမြစ်ခြင်းဖြင့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များတွင် စီးပွားရေးနှေးကွေးမှု ပိုမိုဆိုးရွာလာကြောင်း အမေရိကန်မှ အမှီအခိုကင်းသောအေဂျင်စီ USCC ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required