ရွေးကောက်ခံရပါက ပန်းကန်ပြားပျံဆိုင်ရာ လျှို့ဝှက်ချက်များ တတ်နိုင်သမျှဖွင့်ချမည်ဟု ဟီလာရီကလင်တန် ကတိပေး

ရွေးကောက်ခံရပါက ပန်းကန်ပြားပျံဆိုင်ရာ လျှို့ဝှက်ချက်များ တတ်နိုင်သမျှဖွင့်ချမည်ဟု ဟီလာရီကလင်တန် ကတိပေး

ဝါရှင်တန်၊ မတ်၊ ၆ ။          ။ ဒီမိုကရက်တစ်ပါတီ၏ အမေရိကန်သမ္မတလောင်းဖြစ်လာရန် အလားအလာကောင်းလျှက်ရှိသော ဟီလာရီကလင်တန်က သူမသာသမ္မတဖြစ်လာပါက ယခင်အစိုးရများလက်ထက်က လျှို့ဝှက်ထားသည့် ပန်းကန်ပြားပျံဆိုင်ရာ လျှို့ဝှက်ချက်များ ကိုတတ်နိုင်သမျှ အများပြည်သူသို့ထုတ်ဖော်အသိပေးသွားမည်ဟု မဲဆွယ်ရာတွင် ကတိပေး ပြောကြားလိုက်သည်။

ဟီလာရီကလင်တန်၏ မဲဆွယ်စည်းရုံးရေးမန်နေဂျာ ဂျွန်ပိုဒက်စတာက သူ့အနေဖြင့် ကောင်းကင်ယံမှ အမျိုးအမည် မသိယာဉ်များနှင့် အခြားထူးခြားဆန်းကြယ်သောကိစ္စများနှင့်ပတ်သတ်ပြီး အစိုးရအဆက်ဆက်လျှို့ဝှက်ထားခဲ့သည့် ကိစ္စရပ်များကို လျှို့ဝှက်ချက်အဆင့်လျှော့ချသတ်မှတ်ရန် ဟီလာရီကလင်တန်ကို တိုက်တွန်းထားပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဟီလာရီကလင်တန်သည် သူမသာ သမ္မတ ဖြစ်လာခဲ့ပါက UFO ခေါ် ကောင်းကင်ယံမှအမည်မသိအရာများနှင့်ပတ်သတ်သော အစိုးရ၏လျှို့ဝှက်ချက်များကို ပြည်သူလူထုသို့ အသိပေး သွားမည့် အကြောင်း ပြီးခဲ့သော ဒီဇင်ဘာလအတွင်းကလည်း ပြောကြားခဲ့ဖူးသည်။

အကယ်၍အစိုးရကိုယ်တိုင်က တရားဝင်ဖွင့်ဟအသိမပေးလျှင်လည်း ထိုအကြောင်းအရာများမှာ တစ်နည်းမဟုတ်တစ်နည်း နှင့် လူအများကြားသို့ ပျံ့နှံ့ရောက်ရှိသွားတတ်သည်သာဖြစ်သဖြင့် တရားဝင်အသိပေးခြင်းကပိုမိုကောင်းမွန်သည်ဟု ပိုဒက်စတာက သူမကို အကြံပြုထားကြောင်း ဟီလာရီကလင်တန်က ပြောသည်။

ပိုဒက်စတာသည် သမ္မတဘီလ်ကလင်တန်နှင့် အိုဘားမားတို့ကိုလည်း ပန်းကန်ပြားပျံများနှင့်ပတ်သတ်သည့် ဖိုင်များကို လျှို့ဝှက်ချက်အဆင့်လျှော့ချရန် တိုက်တွန်းခဲ့ဖူးသူဖြစ်သည်။

သူမအနေနှင့် တိတိကျကျမသိရှိသေးသော်လည်း ဂြိုဟ်သားများ ကမ္ဘာမြေသို့ရောက်ခဲ့ဖူးသည့် ကိစ္စမျိုးပင် ရှိကောင်း ရှိနိုင်သည်ဟုလည်း ဟီလာရီကလင်တန်က ပြောသည်။

ဟီလာရီကလင်တန်သည် လက်ရှိအချိန်တွင် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ်အရွေးချယ်ခံရရန် ယှဉ်ပြိုင်နေရပြီး အရွေးချယ်ခံခဲ့ရပါက ၂၀၁၆၊ နိုဝင်ဘာတွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ပြိုင်ဘက်ရီပတ်ဗလစ်ကန်ပါတီ မှသမ္မတလောင်းတစ်ဦးနှင့် ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။

လက်တလောတွင် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးပွဲတွင် ဟီလာရီကလင်တန်က အဓိကပြိုင်ဘက် ဘာနေဆန်းဒါးကို အသာရလျှက်ရှိကာ ရီပတ်ဗလစ်ကန်ပါတီတွင်မူ အမေရိကန်နှင့်မက္ကဆီကို နယ်စပ်ကို တံတိုင်းကာရမည်ဟု ပြောကြားထားသည့် ဘီလျံနာသူဌေးကြီး ဒေါ်နယ်လ်ထရမ့်က ပြိုင်ဘက်များအပေါ် အသာရလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly