စစ်တပ်အကြီးအကဲ မိသားစု၏ အခွန်မှတ်တမ်းများ ပေါက်ကြားမှုကိစ္စ စုံစမ်းစစ်ဆေးမည်ဟု ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီး ပြော

စစ်တပ်အကြီးအကဲ မိသားစု၏ အခွန်မှတ်တမ်းများ ပေါက်ကြားမှုကိစ္စ စုံစမ်းစစ်ဆေးမည်ဟု ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီး ပြော

ပါကစ္စတန်နိုင်ငံတွင် ရာထူးသက်တမ်းကုန်ဆုံးပြီဖြစ်သည့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက် ဘာဂျ်ဝါနှင့် မိသားစုသည် ပြီးခဲ့သည့် ခြောက်နှစ်တာအတွင်း ရူပီး ၁၂ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ပိုင်ဆိုင်မှုများ စုဆောင်းထားနိုင်ခဲ့သည် ဆိုပြီး မီဒီယာသတင်းဌာနတစ်ခုက ထုတ်ဖော်ရေးသားထားသည့် သတင်းတစ်ပုဒ် ထွက်ပေါ်လာပြီးနောက် တစ်ရက်အကြာ အဆိုပါ သတင်းသည် အခွန် အချက် အလက်များဆိုင်ရာ လျှို့ဝှက်အတွင်းရေးကိစ္စကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပါကစ္စတန် မွတ်စလင် အဖွဲ့ချုပ် နာဝက်ဇ် (PML-N) ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သလို ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သည့် အစ်ရှား ဒါးက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးသွားမည်ဟု ၎င်းက ကတိပြုသည်။

အထက်ပါ သတင်းဖော်ပြချက်တွင် ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါ မိသားစု ပါကစ္စတန်နိုင်ငံတွင်းနှင့် ပြည်ပတွင် ပိုင်ဆိုင်ထားသည် ဆိုသော ကြွယ်ဝမှုများနှင့် ပတ်သက်ပြီး ထုတ်ဖော်ချက်များကို ခိုင်မာစေရန် ဘာဂျ်ဝါ မိသားစု၏ ကြွယ်ဝမှုဆိုင်ရာ ကြေညာချက်များနှင့် အခွန်မှတ်တမ်းများကို ကိုးကားထားသည်။

ဖက်ဒရယ် အခွန်ဘုတ်အဖွဲ့ (FBR) ထံမှ ဒေတာအချက်အလက် ပေါက်ကြားမှုကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်မည်ဟု အစ်ရှား ဒါးက ကြေညာသည်။

အခွန်ဆိုင်ရာ ဥပဒေများ ချိုးဖောက်မှု၊ FBR ၏ ဒေတာအချက်အလက် ကျိုးပေါက်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ရန်၊ တာဝန်ရှိသူများကို ဖော်ထုတ်ရန်နှင့် ၂၄ နာရီအတွင်း အစီရင်ခံစာ တစ်ရပ် တင်သွင်းရန် မစ္စတာ ဒါးက ဝန်ကြီးချုပ်၏ အခွန်ဘဏ္ဍာဆိုင်ရာ အထူးလက်ထောက်ဖြစ်သူ တာရစ် မာမွတ် ပက်ရှာကို ညွှန်ကြားသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်မှလွဲ၍ ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါနှင့် မိသားစု ပိုင်ဆိုင်သည် ဆိုသော ပိုင်ဆိုင်မှုများအကြောင်း သတင်းဖော်ပြမှုနှင့် စပ်လျဉ်းပြီး စစ်တပ် ပြောရေး ဆိုခွင့်ရှိသူ သို့မဟုတ် အခြား သက်ဆိုင်ရာ မည်သည့် အာဏာပိုင်ကမှ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required