တရုတ်က ကိုဗစ်ဆန္ဒပြပွဲများကို နှိမ်နင်းနေချိန်တွင် အမေရိကန်၌ လူရာပေါင်းများစွာ စုဝေးဆန္ဒပြ

တရုတ်က ကိုဗစ်ဆန္ဒပြပွဲများကို နှိမ်နင်းနေချိန်တွင် အမေရိကန်၌ လူရာပေါင်းများစွာ စုဝေးဆန္ဒပြ

တရုတ်ခေါင်းဆောင် ရာထူးမှဆင်းရန်တောင်းဆိုသော ဆန္ဒပြသူများကို ထောက်ခံသည့်အနေဖြင့် ဟားဗက်တက္ကသိုလ်နှင့် နယူးယောက်ရှိ တရုတ်ကောင်စစ်ဝန်ရုံးအနီးတွင် နိုဝင်ဘာ ၂၉ ရက်က ရာနှင့်ချီသောလူများ စုဝေးကာဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အထက်တန်းလွှာများတက်သော Ivy League ကျောင်းမှ ကျောင်းသားအများစုပါဝင်သော ဆန္ဒပြသူ ၅၀ ခန့်သည် တရုတ် အင်္ဂလိပ် နှစ်ဘာသာဖြင့် သီချင်းများဆိုကာ “ငါတို့တွေဟာ ကျွန်တွေမဟုတ်ဘူး။ နိုင်ငံသားတွေဖြစ်တယ်”၊ “အာဏာရှင်စနစ်မလိုချင်ဘူး။ ရွေးကောက်ပွဲပဲ လိုချင်တယ်” နှင့် “ရှီကျင့်ဖျင် ရာထူးမှ ဆင်းပေး” ဟု တရုတ်သမ္မတကို ရည်ညွှန်းကာ ကြွေးကြော်အော်ဟစ်ခဲ့ကြသည်။

တက္ကသိုလ်ရှီ ဂျွန်ဟားဗက်ရုပ်တုအနီး၌ စုဝေးခဲ့ကြသော ဆန္ဒပြသူများသည် နှာခေါင်းစည်းများတပ်ဆင်ထားကြသည်။ ကိုဗစ်-၁၉ ကြောင့်မဟုတ်ဘဲ တရုတ်အာဏာပိုင်များက ၎င်းတို့မျက်နှာကို မှတ်မိသွားပါက နေရပ်မှ မိသားစုဝင်များကို အနှောင့်အယှက်ပေးမည်စိုးသောကြောင့် နှာခေါင်းစည်းများတပ်ဆင်ခဲ့ခြင်းဖြစ်သည်။

“ဆွေမျိုးတွေဟာ နှောင့်ယှက်ခံရတာ ဒါမှမဟုတ် အလုပ်ပြုတ်တာတွေ ဖြစ်သွားနိုင်ပါတယ်” ဟု ဆန္ဒပြပွဲတွင်ပါဝင်သော ဟားဗက်ဘွဲ့ရကျောင်းသား ဝိန်းက ပြောသည်။

နယူးယောက်တွင်လည်း လူ ၄၀၀ ခန့်က တရုတ်ကောင်စစ်ဝန်းရုံးနှင့် မျက်နှာချင်းဆိုင်လမ်းတစ်ဖက်တွင် စုဝေးကာ “နိုင်ငံသား ဂုဏ်သိက္ခာ လွတ်လပ်မှု” နှင့် “တရုတ်ကို လွတ်မြောက်ခွင့်ပေး” ဟု ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားသည်။

ချီကာဂိုတွင်လည်း ဆန္ဒပြသူ ၂၀၀ ခန့်က တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် စုဝေးခဲ့ကြသည်။

ဆန္ဒပြသူများက ပန်းများယူဆောင်လာကာ ဖယောင်းတိုင်မီးများ ထွန်းညှိပြီး မျက်နှာများကို နှာခေါင်းစည်းများ ဗလာစာရွက်များဖြင့် ကာထားကြသည်။ တရုတ်ဆန္ဒပြသူများသည် တရုတ်အစိုးရ၏ဆင်ဆာဖြတ်တောက်မှုကို ဖီဆန်သည့်သင်္ကေတအဖြစ် ဗလာစာရွက်များကိုင်ကာ ဆန္ဒပြကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required