ထိုင်းက တရုတ်နှင့်ရေငုပ်သင်္ဘော ဝယ်ယူရေး သဘောတူညီချက်ကို ဖျက်သိမ်းရန် ပြင်ဆင်

ထိုင်းက တရုတ်နှင့်ရေငုပ်သင်္ဘော ဝယ်ယူရေး သဘောတူညီချက်ကို ဖျက်သိမ်းရန် ပြင်ဆင်

တရုတ်အနေဖြင့် ရေငုပ်သင်္ဘောဝယ်ယူရေးသဘောတူညီချက်ပါစည်းကမ်းများကို မလိုက်နာနိုင်ပါက ကြည့်ကြာနေသော သဘောတူစာချုပ်ကိုဖျက်သိမ်းရန် အသင့်ရှိကြောင်း ထိုင်းအစိုးရက ထပ်မံပြောကြားလိုက်သည်။

ဝယ်ယူရေးဆိုင်ရာသတ်မှတ်ချက်များနှင့် မကိုက်ညီပါက တရုတ်နှင့်ချုပ်ဆိုထားသော ရေငုပ်သင်္ဘော ဝယ်ယူရေး အစီအစဉ်ကို ဖျက်သိမ်းရန် အသင့်ပြင်ထားကြောင်း ထိုင်းရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချိုအန်ချိုင် ချောင်ချိုအန်ပက်၏ ပြီးခဲ့သောသီတင်းပတ်က ပြောခဲ့ချက်ကို The Bangkok Post သတင်းစာက ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံသည် ဘတ် ၁၃ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ S26T Yuan အမျိုးအစား ရေငုပ်သင်္ဘောဝယ်ယူရန် တရုတ်နိုင်ငံပိုင်ကုမ္ပဏီ China Shipbuilding & Offshore International Co (CSOC) နှင့် သဘောတူညီခဲ့သည်။

စာချုပ်ပါအချက်များအရ ဂျာမနီထုတ် အရည်အသွေးကောင်းမွန်သည့် MTU 396 ဒီဇယ်အင်ဂျင်ကို တပ်ဆင်ရန် ထိုင်းက တောင်းဆိုထားသည်။ သို့သော် ဥရောပသမဂ္ဂအစိုးရများ၏ လက်နက်ရောင်းချမှုပိတ်ပင်ချက်ကြောင့် ဂျာမနီအနေဖြင့် တရုတ်ကို စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချခွင့်မရှိပေ။

ထိုသို့အရေးယူပိတ်ဆို့ထားမှုကြောင့် တရုတ်နိုင်ငံပိုင်သင်္ဘောဆောက်လုပ်ရေးကုမ္ပဏီက တရုတ်ထုတ် အင်ဂျင်များကို အဆိုပါ ရေငုပ်သင်္ဘောတွင် တပ်ဆင်ရန် သို့မဟုတ် တရုတ်ရေတပ်တွင် အသုံးမပြုတော့သည့် သင်္ဘော ၂ စင်းပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

ထိုင်းအစိုးရက ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ပြီး စာချုပ်ပါစည်းကမ်းချက်အတိုင်း ဂျာမနီထုတ်အင်ဂျင်များကိုသာ တပ်ဆင်ပေးရန် တုံ့ပြန်ခဲ့သည်ဟု Diplomat မဂ္ဂဇင်းတွင် ဆောင်းပါးရှင်း ဆီဘက်စတီရန်စထရန် စထရန်ဂျီအိုက ရေးသားထားသည်။

ထိုင်းရေတပ်အကြီးအကဲက တရုတ် CSOC မှ မှာယူသော S26T Yuan အတန်းအစား ရေငုပ်သင်္ဘောတွင် သုံးမည့် တရုတ်နိုင်ငံထုတ် CHD620 အင်ဂျင်အတွက် တရုတ်ရေတပ်အနေဖြင့် အာမခံစေလိုကြောင်း နိုဝင်ဘာ ၂၉ ရက်တွင် ပြောခဲ့သည်။ “အင်ဂျင်အကြောင်း ရှင်းလင်းချက်ပေးဖို့ နှောင့်နှေးမှုတွေ ရှိပါတယ်။ အင်ဂျင်ကို ပထမစမ်းသပ်တဲ့အဆင့်က ပြီးသွားပါပြီ။ ဒုတိယအဆင့်က အပိုပစ္စည်းနဲ့သက်ဆိုင်တဲ့အဆင့်ပါ။ အဲဒါနဲ့ပတ်သက်ပြီး တရုတ် CSOC ကုမ္ပဏီကို မေးမြန်းနေပါတယ်” ဟု ထိုင်းရေတပ်အကြီးအကဲ၏ ပြောကြားချက်ကို The Bangkok Post က ဖော်ပြထားသည်။ စာချုပ်ပါစည်းကမ်းချက်နှင့်မကိုက်ညီပါက စာချုပ်ဖျက်နိုင်ခြင်း ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ထိုင်းရေတပ်ဗိုလ်ချုပ်ကြီးက အချိန်မရွေး စာချုပ်ဖျက်သိမ်းနိုင်ကြောင်း ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly