မြေဆုံးရှုံးနိုင်၍ မြန်မာ နယ်ခြားစည်းရိုးကာခြင်းကို အိန္ဒိယ ဆိုင်းငံ့ရန်စီစဉ်

မြေဆုံးရှုံးနိုင်၍ မြန်မာ နယ်ခြားစည်းရိုးကာခြင်းကို အိန္ဒိယ ဆိုင်းငံ့ရန်စီစဉ်
ဓာတ်ပုံ- thehindu.com

မဏိပူရ၊မတ် ၆ ။          ။ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် မြန်မာနှင့် နယ်စပ်တစ်လျှောက်၌ စည်းရိုးကာခြင်းလုပ်ငန်းကို မဏိပူရပြည်နယ်ဝန်ကြီးချုပ် အိုကရမ်ဆင်းချ်က ဆိုင်းငံ့ထားရေး မတ် ၄ ရက်တွင် လွှတ်တော်တွင်း ပြောလိုက်ပြီး အားလုံးသောပါတီအဖွဲ့အစည်းမှ ကိုယ်စားလှယ်များအနေဖြင့် ယင်းကိစ္စတွင် ဝန်ကြီးချုပ်နာရန္ဒြာမိုဒီနှင့် အခြားသူများနှင့်ပါ တွေ့ဆုံသွားရန် အကြံပြုတိုက်တွန်းလိုက်သည်။

လွှတ်တော်ဘတ်ဂျက်ဆွေးနွေးမှု နောက်ဆုံးရက်တွင် ဝန်ကြီးချုပ်ဆင်းချ်က Trinamool Congress ပါတီနှင့် BJP ပါတီတို့မှ အမတ်နှစ်ဦး၏ အဆိုပြုမှုပေါ်တွင် ၎င်း၏ အမြင်ကို တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

အထက်ပါလွှတ်တော်အမတ်နှစ်ဦးက မြန်မာနှင့် နယ်စပ်စည်းရိုးကာခြင်းတွင် မဏိပူရပြည်နယ်၏ မြေ အနည်းဆုံး စတုရန်းကီလိုမီတာ ၁၀၀၀ ခန့် ဆုံးရှုံးရနိုင်ဆိုသည့် အစီရင်ခံစာနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းမြေပမာဏသည် ပြည်နယ်၏ မြေအကျယ်အဝန်း ၂၂၃၂၇ စတုရန်းကီလိုမီတာသာ ရှိခြင်းအတွက် အများအပြားဆုံးရှုံးမှုဖြစ်သည်။

“နယ်ခြားတိုင် ၁၉ ခု ရှိရာမှာ ပြဿနာမရှိပါ။ ဒါပေမယ့် နယ်ခြားတိုင် ကိုးခု စိုက်ထူမည့် နယ်မြေမှာ အငြင်းပွားစရာတွေ ရှိနေပါတယ်။”ဟု Trinamool Congress ပါတီမှ အီဘိုဘီက ပြောသည်။

မဏိပူရအနေဖြင့် ပိုင်နက်မြေအတွက် အပေးအယူ ညှိနှိုင်းမှု လုပ်မည်မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီနှင့် ဇူလိုင်အတွင်းက ယင်းနယ်မြေများတွင် အိန္ဒိယမြေတိုင်းရုံးချုပ်နှင့် အခြားတာဝန်ရှိသူများက မြေနေရာများအား တိုင်းတာခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

သစ်တောထွက်ပစ္စည်း ပေါကြွယ်ဝသည့် ကာဗိုတောင်ကြားကို လွတ်လပ်ရေးရပြီး မကြာမီ မြန်မာနိုင်ငံဖက်အား ပေးလိုက်ရခြင်းနှင့် ပတ်သက်ပြီး မဏိပူရပြည်သူများစွာက စိတ်မကျေနပ်နိုင်သေး ရှိနေဆဲလည်းဖြစ်သည်။

မဏိပူရက တိုင်းရင်းသားလူမျိုးစုများကလည်း ယခုအဆိုပြုထားသည့် စည်းရိုးသည် ၎င်းတို့၏ ရပ်ကွက်ကျေးရွာများကို အလယ်က ပိုင်းခြားပစ်လိမ့်မည်ဖြစ်ကြောင်း ပြောကြသည်။

ဥပမာအားဖြင့် ဟိုလန်ဖိုင်ကျေးရွာ၏ မြေနေရာအများစုက မြန်မာဖက်သို့ ပါသွားဖို့ရှိနေပြီး Ukhrul ခရိုင်တွင်းက Choro Khunnou ကျေးရွာတစ်ရွာလုံးမှာ စည်းရိုးအရ မြန်မာဖက်သို့ ရောက်ရှိသွားရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly