တရုတ်အာဏာပိုင်များက ကိုဗစ်ထိန်းချုပ်ရေးဆန့်ကျင်ဆန္ဒပြသူများကို ရှာဖွေနေ

တရုတ်အာဏာပိုင်များက ကိုဗစ်ထိန်းချုပ်ရေးဆန့်ကျင်ဆန္ဒပြသူများကို ရှာဖွေနေ

တရုတ်နိုင်ငံမြို့ကြီးများတွင် ရဲအများအပြားကို လုံခြုံရေးချထားပြီး ကိုဗစ်-၁၉ ကန့်သတ်ချက်များကိုဆန့်ကျင်ရန် သီတင်းပတ်ကုန်က စုဝေးခဲ့သော ဆန္ဒပြသူအချို့ကို အာဏာပိုင်များက စတင်စုံစမ်းနေပြီဖြစ်ကြောင်း ပေကျင်းမြို့ ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သူ သတင်းရင်းမြစ် ၃ ဦးက Reuters သတင်းဌာနသို့ ပြောသည်။

ပေကျင်းမှ ရဲအရာရှိတစ်ဦးက ဆန္ဒပြသူတစ်ဦးအား နိုဝင်ဘာ ၂၇ ရက်ညက ဆန္ဒပြလှုပ်ရှားမှုများကို မှတ်တမ်းရေးပြီး နိုဝင်ဘာ ၂၉ ရက်တွင် ရဲစခန်းသို့လာပေးရန် ဖုန်းဆက်ခဲ့သည်ဟု ဆိုသည်။

ကောလိပ်ကျောင်းသားတစ်ဦးကိုလည်း ကျောင်းမှ လှမ်းဆက်သွယ်ခဲ့ပြီး ဆန္ဒပြပွဲများတွင် ပါဝင်ခြင်း ရှိ မရှိ မေးမြန်းကာ မှတ်တမ်းရေးသားပေးပို့ခိုင်းခဲ့သည်။

“ကျွန်တော်တို့အားလုံး ဆက်သွယ်ပြောဆိုခဲ့တဲ့မှတ်တမ်းတွေကို ဖျက်ပစ်ကြပါပြီ” ဟု ပေကျင်းမှ အမည်မဖော်လိုသူ ဆန္ဒပြသူတစ်ဦးက ပြောသည်။

တင်းကျပ်သောကိုဗစ်မူဝါဒများချမှတ်ထားသည်မှာ ၃ နှစ်ရှိလာပြီဖြစ်သည့်အတွက် မကျေမနပ်ဖြစ်ကြကာ သီတင်းပတ်ကုန်က မိုင်ထောင်ချီဝေးသည့် တရုတ်နိုင်ငံမြို့ကြီးများတွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။

ကိုဗစ်ကူးစက်မှုများ နေ့စဉ်မြင့်တက်နေပြီး မြို့ကြီးများစွာတွင် အသွားအလာပိတ်ဆို့မှုများကို ရင်ဆိုင်နေရကာ လွန်ခဲ့သည့်ဆယ်စုနှစ်က သမ္မတရှီကျင့်ဖျင် အာဏာရလာပြီးနောက်ပိုင်း တရုတ်ပြည်မကြီးတွင် အကြမ်းမဖက် အာဏာဖီဆန်မှုပေါ်ပေါက်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားမှုကို အမြစ်ပြတ်သုတ်သင်ပြီး တင်းကျပ်သောနယ်စပ်ထိန်းချုပ်မှုများကို ပြုလုပ်သည့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို စွဲကိုင်ကာ ရောဂါကူးစက်မှုကို တားဆီးရန် လူဦးရေ ၁ ဒသမ ၄ ဘီလီယံအနက်အများစုက ကြိုးပမ်းသော်လည်း ရောဂါပျံ့နှံ့မှုမှာ ဆက်လက်ဖြစ်ပွားနေသည်။

ရဲများသည် ဖြတ်သန်းသွားလာသူများ၏ ဖုန်းများတွင် ဆန္ဒပြသူများအသုံးပြုကြသည့် VPN နှင့် Telegram အက်ပလီကေးရှင်းများ ထည့်သွင်းထားခြင်း ရှိ မရှိ စစ်ဆေးသည်ဟု ဒေသခံများက ပြောသည်။

ရှန်ဟိုင်းတွင် နိုဝင်ဘာ ၂၇ ရက်ညက ဖြစ်ပွားခဲ့သော ဆန္ဒပြမှုအတွင်း ရဲများက ဆန္ဒပြသူများကို ဘတ်စ်ကားတစ်စီးဖြင့် ခေါ်ဆောင်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required