ကန့်ကွက်ဆန္ဒပြမှု၊ အငြင်းပွားမှုများနဲ့ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ

ကန့်ကွက်ဆန္ဒပြမှု၊ အငြင်းပွားမှုများနဲ့ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ
Photo: AFP

ကာတာရှိ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဆန္ဒပြမှုတွေကြောင့် ပွဲဆူနေခဲ့ပါတယ်။ တိုက်စစ်မှူးတစ်ယောက် ဘောလုံးနောက်ကို လိုက်နေသလိုမျိုး ကမ္ဘာ့ဖလားသမိုင်းကြောင်းက အငြင်းပွားမှုတွေ လိုက်ပါလာတာကို ပြသခဲ့ပါတယ်။ နှစ်တွေတစ်လျှောက် ပြိုင်ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကန့်ကွက်တဲ့ ကိစ္စရပ်တွေကို လေ့လာကြည့်တဲ့အခါ ....

၁။ ချန်ပီယံကာကွယ်ဖို့ ငြင်းဆိုတဲ့ ဥရုဂွေး (၁၉၃၄)

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအငြင်းပွားမှုဟာ ၁၉၃၄ ခုနှစ်မှာ အီတလီမှာ ဒုတိယကြိမ်မြောက် ကမ္ဘာ့ဖလားကျင်းပချိန်မှာဖြစ်ခဲ့ပြီး ချန်ပီယံဥရုဂွေးက ပြိုင်ပွဲကို သပိတ်မှောက်ခဲ့တာပါ။ ၁၉၃၀ ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဥရောပအသင်းအနည်းငယ်တာပါဝင်ပြီး သူတို့ဟာ မပျော်ရွှင်ဘဲ ဥရောပကို သူတို့နဲ့ အတူ ခရီးမသွားဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့ဟာ သူတို့ရဲ့ ဆုဖလားကို ကာကွယ်နိုင်ခြင်း မရှိတဲ့ တစ်သင်းသော ကမ္ဘာ့ဖလား ချန်ပီယံတွေဖြစ်ပါတယ်။

၂။ ဖက်ဆစ်ဝါဒီတွေရဲ့ အနက်ရောင်ရှပ်အင်္ကျီ (၁၉၃၈)

၁၉၃၆ ခုနှစ် ဘာလင်အိုလံပစ်မှာ နာဇီဝါဒဖြန့်ဝေမှုကနေ အဒေါ့ဖ် ဟစ်တလာရဲ့ လှုံ့ဆော်မှုကြောင့် အီတလီအာဏာရှင် ဘန်နီတို မူဆိုလီနီက သူ့နိုင်ငံရဲ့ အာဏာပါဝါကို ပြသဖို့အတွက် ပြင်သစ်မှာ ၁၉၃၈ ကမ္ဘာ့ဖလားကို အသုံးချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသင်းရဲ့ အဝေးကွင်းဝတ်စုံဟာ လုံးဝအနက်ရောင်ဖြစ်ပြီး ဖက်ဆစ်ပါတီရဲ့အရောင်တွေဖြစ်ပါတယ်။ ပွဲမစခင် ကစားသမားတွေဟာ ဖက်ဆစ်လို အလေးပြုတာက အငြင်းပွားမှုကြီးဖြစ်စေခဲ့ပါတယ်။ ကြီးမားတေဲ့ ဆန္ဒပြမှုတွေကြားကနေ အီတလီသားတွေဟာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။

၃။ အာဖရိကရဲ့ ထုတ်ပြန်ချက် (၁၉၆၆)

၁၉၆၆ ဖလားဟာ အင်္ဂလန်ရဲ့ အောင်ပွဲနဲ့ ကစားသမား Eusebio ရဲ့ ပြောင်မြောက်တဲ့ ကစားကွက်အတွက် အမှတ်ရနေပေမယ့်လည်း အာဖရိကတိုက်တစ်တိုက်လုံးကနေ ကန့်ကွက်ခဲ့တဲ့ တစ်ခုတည်းသော အင်္ဂလန်ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဒုတိယအဆင့် အုပ်စုပတ်လည်မှာ အနိုင်ရတဲ့ အာဖရိက သုံးအသင်းဟာ ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အာရှဇုန်ရဲ့ နိုင်တဲ့အသင်းတွေနဲ့ ရင်ဆိုင်ရမယ့် play-off ကစားဖို့ လိုအပ်တဲ့ ဆုံးဖြတ်ချက်ကို ၁၉၆၄ ခုနှစ်မှာ ဆန့်ကျင်ကန့်ကွက်ခဲ့တာပါ။ အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ တရားမျှတမှုမရှိဘူးလို့ ခံစားခဲ့ရပါတယ်။ သူတို့ဟာ ၁၉၇၀ မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ သေချာတဲ့ နေရာတစ်ခု ရထားဖို့ အနည်းဆုံး အာဖရိကအသင်းတစ်သင်းကို လိုလားခဲ့တာပါ။

၄။ ဗီဒေးလာရဲ့ ကမ္ဘာ့ဖလား (၁၉၇၈)

ဒီကမ္ဘာ့ဖလားဟာ 'sportwashing' မှာ ဖီဖာ ပါဝင်လာခြင်းရဲ့ ပထမဆုံးဥပမာဖြစ်နိုင်ပါတယ်။ လူထောင်ပေါင်းများစွာ အသတ်ခံတယ်လို့ စွပ်စွဲခံခဲ့ရတဲ့ အာဏာရှင် ဂျော့ ရာဖေး ဗီဒေးလာ ဦးဆောင်တဲ့ စစ်အာဏာရှင်တွေက အာဂျင်တီးနားကို အုပ်ချုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် စစ်အစိုးရကို တိုက်ခိုက်နေတဲ့ အာဂျင်တီးနားပြည်ပြေးတွေက သပိတ်မှောက်ဖို့ တောင်းဆိုခဲ့ပါတယ်။ ပြိုင်ပွဲက စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်သွားပေမယ့် ဆန္ဒပြသူတွေရဲ့ အသံတွေကို တစ်ကမ္ဘာလုံးက ကြားနေရပါတယ်။

၅။ နူရမ်ဘာ့ဂ် ဆန္ဒပြပွဲ (၂၀၀၆)

ဒီတကြိမ် ကမ္ဘာ့ဖလားကို ဂျာမနီမှာ ကျင်းပခဲ့ပါတယ်။ အစ္စရေးကို ဥရောပသို့ ပြောင်းရွှေ့သင့်တယ်လို့ အဲဒီအချိန်က သမ္မတ အဟ်မဒီနီဂျက်ရဲ့ မှတ်ချက်ကြောင့် အီရန်ကို ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ဂျာမန်အဓိပတိ အိန်ဂျယ်မာကယ်က ဒီပိတ်ပင်မှုကို ဆန့်ကျင်ပြီး ဆုံးဖြတ်ခဲ့ပေမယ့် အီရန်နဲ့ မက္ကဆီကိုတို့ရဲ့ အုပ်စုပွဲမစခင် နူရမ်ဘာ့ဂ်ရဲ့ လမ်းမတွေပေါ်မှာ လူအများအပြား ဆန္ဒပြခဲ့ကြပါတယ်။

၆။ ဘရာဇီးလ်ရဲ့ ငွေကြေးသုံးစွဲမှု (၂၀၁၄)

ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုနဲ့ ဒီဂျနေရိုတို့မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က ရီယိုက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားနဲ့ အိုလံပစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေမှာ အစိုးရကနေ သုံးစွဲခဲ့တဲ့ ငွေကြေး ပမာဏအမြောက်အမြားအတွက် ပြည်သူတွေက ဒေါသထွက်ခဲ့ကြပါတယ်။ ကန့်ကွက်တဲ့ ကြွေးကြော်သံတွေက - 'ကမ္ဘာ့ဖလား မကျင်းပရ' နဲ့ 'ဖီဖာ အိမ်ကို ပြန်'တို့ ဖြစ်ပါတယ်။ ဒီမြို့နှစ်မြို့နဲ့ တခြားမြို့အများအပြားမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ခဲ့ပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့ပါတယ်။

Ref; Times of Inida

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly