ကမ္ဘာ့အားအကောင်းဆုံး နျူကလီးယားအင်အားကို ပိုင်ဆိုင်နိုင်ရန် ရည်မှန်းထားဟု မြောက်ကိုရီးယား ခေါင်းဆောင် ပြော

ကမ္ဘာ့အားအကောင်းဆုံး နျူကလီးယားအင်အားကို ပိုင်ဆိုင်နိုင်ရန် ရည်မှန်းထားဟု မြောက်ကိုရီးယား ခေါင်းဆောင် ပြော

နိုဝင်ဘာလ ၂၇ ရက်
 

မြောက်ကိုရီးယားအနေဖြင့် ကမ္ဘာ့ အားအကြီးဆုံး နျူကလီးယားအင်အားကို ပိုင်ဆိုင်ရရှိရန် ရည်ရွယ်ထားသည်ဟု ခေါင်းဆောင် ကင်ဂျုံအွန်းက ပြောကြားလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၇ ရက်တွင် ဖော်ပြသည်။

ကင်ဂျုံအွန်းသည် မကြာသေးခင်က ပဲ့ထိန်းဒုံးကျည်သစ် ပစ်လွှတ်မှုတွင် ပါဝင်ခဲ့သော စစ်တပ်အရာရှိများကို ရာထူးတိုးပေးစဉ် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကင်ဂျုံအွန်းသည် မြောက်ကိုရီးယား၏ အကြီးဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံး Hwasong-17 ကို နိုဝင်ဘာ ၁၈ ရက်က စမ်းသပ်ပစ်လွှတ်မှုကို ကြည့်ရှုစစ်ဆေးပြီး အမေရိကန်၏ နျူကလီးယား ခြိမ်းခြောက်မှုများကို တန်ပြန်သွားမည်ဟု ကတိပြုခဲ့ပြီးနောက် ယခု ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကမ္ဘာ့ အင်အားအကောင်းဆုံး မဟာဗျူဟာကျသည့် အင်အား၊ ရာစုနှစ်တွင် မကြုံစဖူးသော အင်အားမျိုး ပိုင်ဆိုင်ရေးက မြောက်ကိုရီးယား၏ အဆုံးစွန် ရည်မှန်းချက် ဖြစ်ကြောင်း ကင်ဂျုံအွန်းက အရာရှိများကို ရာထူးတိုးပေးစဉ် ပြောသည်။

နိုင်ငံ၏ နျူကလီးယား လုပ်နိုင်စွမ်းများကို တိုးချဲ့တည်ဆောက်ခြင်းက မြောက်ကိုရီးယားနိုင်ငံနှင့် ပြည်သူတို့၏ ဂုဏ်သိက္ခာနှင့် အချုပ်အချာအာဏာကို အခိုင်အမာ ကာကွယ်ပေးနိုင်လိမ့်မည်ဟု ကင်ဂျုံအွန်းက ပြောသည်။

ထို့ပြင် Hwasong-17 ကိုလည်း “ကမ္ဘာ့ အစွမ်းထက်ဆုံး မဟာဗျူဟာ လက်နက်” ဟု ကင်ဂျုံအွန်းက ပြောပြီး ယင်းသည် ကမ္ဘာ့ အင်အားအကြီးဆုံး စစ်တပ်တည်ဆောက်မည့် မြောက်ကိုရီးယား၏ စိတ်ပိုင်းဖြတ်မှုနှင့် လုပ်နိုင်စွမ်းကို ပြသရာ ရောက်ခဲ့ကြောင်း ပြောသည်။

မြောက်ကိုရီးယား သိပ္ပံပညာရှင်များသည် ပဲ့ထိန်းဒုံးများတွင် နျူကလီးယားထိပ်ဖူးများ တပ်ဆင်မှု နည်းပညာ ဖော်ဆောင်ရာတွင် အံ့ဩဖွယ် ကျော်လွှားတက်လှမ်း လုပ်ဆောင်ထားကြောင်းနှင့် နိုင်ငံ၏ နျူကလီးယား ဟန့်တားမှု လုပ်နိုင်စွမ်းများကို ထူးကဲမြန်ဆန်သည့် အရှိန်နှုန်းဖြင့် အားကောင်းစေရန် တိုးချဲ့လုပ်ဆောင်နိုင်ဖွယ် ရှိကြောင်း ကင်ဂျုံအွန်းက ပြောခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly