ပါကစ္စတန်၏ ကြွေးမြီပမာဏ ရူပီး ၁၂ ထရီလီယံ ထပ်တိုးလာ

ပါကစ္စတန်၏ ကြွေးမြီပမာဏ ရူပီး ၁၂ ထရီလီယံ ထပ်တိုးလာ

ပါကစ္စတန်၏ ကြွေးမြီနှင့် အခြားပေးစရာရှိသည့် ငွေကြေးပမာဏ စုစုပေါင်းက လက်ရှိဘဏ္ဍာနှစ်၏ ပထမ သုံးလပတ်ကာလအတွင်း ၂၃ ဒသမ ၇ ရာခိုင်နှုန်း သို့မဟုတ် ရူပီး ၁၂ ထရီလီယံအထိ ထပ်တိုးလာသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေရယူခြင်းနှင့် ပါကစ္စတန် ရူပီးငွေတန်ဖိုး ကျဆင်းခြင်းကြောင့် အဆိုပါကိန်းဂဏန်းများက သိသိသာသာ မြင့်တက်လာခြင်း ဖြစ်ကြောင်း အကဲခတ်များကို ကိုးကားပြီး The News International က ဖော်ပြသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဇူလိုင်-စက်တင်ဘာကာလတွင် ပါကစ္စတန်၏ ကြွေးမြီနှင့် အခြားပေးစရာငွေပမာဏက ရူပီး ၆၂ ဒသမ ၄၆ ထရီလီယံ ဖြစ်ပြီး ထိုပမာဏသည် ယခင်ဘဏ္ဍာနှစ်၏ အလားတူကာလ၏ ပမာဏဖြစ်သည့် ရူပီး ၅၀ ဒသမ ၄၉ ထရီလီယံထက် ပိုများလာခြင်း ဖြစ်သည်။

နိုင်ငံ၏ ကြွေးမြီပမာဏသည် ၂၄ ဒသမ ၇ ရာခိုင်နှုန်း တက်ပြီး ရူပီး ၅၉ ဒသမ ၃၇ ထရီလီယံသို့ ရောက်ရှိလာကာ အခြား ပေးဆပ်ရန် တာဝန်ရှိသည့်ငွေပမာဏစုစုပေါင်းက ၂၃ ရာခိုင်နှုန်း မြင့်တက်ပြီး ရူပီး ၃ ဒသမ ၅၆ ထရီလီယံ ဖြစ်သည်။

ကြွေးမြီပမာဏ တိုးလာခြင်းက အဓိကအားဖြင့် ပြည်ပမှ ရယူသည့် ချေးငွေရင်းမြစ်များနှင့် သက်ဆိုင်ကြောင်း ပါကစ္စတန်ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်း Ismail Iqbal Securities ၏ သုတေသန အကြီးအကဲ ဖာဟက်ဒ် ရော့ဖ်က ပြောသည်။ “အများစုကတော့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ဆီကနေ ယူတဲ့ ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံအပြင် ပြည်ပကြွေးမြီအပေါ် ရူပီးငွေတန်ဖိုး ကျဆင်းမှုရဲ့ သက်ရောက်မှုနဲ့လည်း သက်ဆိုင်ပါတယ်” ဟု ဖာဟက်ဒ်က ပြောသည်။

ပါကစ္စတန်အစိုးရ၏ ပြည်တွင်းကြွေးမြီပမာဏသည် ၁၈ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ပြီး ရူပီး ၃၁ ဒသမ ၄၀ ထရီလီယံအထိ ရှိနေသည်။ ၂၀၂၃ ဘဏ္ဍာနှစ်၏ ဇူလိုင်-စက်တင်ဘာ ကာလတွင် ပြည်ပကြွေးမြီပမာဏသည် ရူပီး ၁၇ ဒသမ ၉၉ ထရီလီယံဖြစ်ပြီး အစောပိုင်းနှစ်ကထက် ၃၀ ဒသမ ၂ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ကြောင်း ပါကစ္စတန်ဗဟိုဘဏ်၏ ကိန်းဂဏန်းများက ပြသနေသည်ဟု The News International က ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly