တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံတွင် ပူးပေါင်းရန် ပါကစ္စတန်ဝန်ကြီးချုပ်က တူရကီကို ဖိတ်ခေါ်

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံတွင် ပူးပေါင်းရန် ပါကစ္စတန်ဝန်ကြီးချုပ်က တူရကီကို ဖိတ်ခေါ်

ပါကစ္စတန် သိမ်းပိုက်ထားသော ကက်ရှ်မီးယားရှိ စီမံကိန်းများကို အိန္ဒိယက ဆက်လက် ဆန့်ကျင်နေချိန်တွင် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ်ရှာရစ်ဖ်က တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) တွင် ပါဝင်ရန် တူရကီကို ဖိတ်ခေါ်လိုက်သည်။

ဝန်ကြီးချုပ် ရှာဘက်ဇ်ရှာရစ်ဖ်သည် တူရကီခရီးစဉ်အတွင်း သမ္မတ ရီဆက်တေယစ်အာဒိုဂန်နှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်း စီမံကိန်းတွင် ပူးပေါင်းရန် အဆိုပြုလိုက်ခြင်းဖြစ်သည်။

"တရုတ်၊ ပါကစ္စတန်နဲ့ တူရကီတို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုအဖြစ် ဒီအစီအစဉ်ကို ဖြစ်စေလိုပါတယ် ဒါဟာ အံ့သြစရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်လာမှာပါ။ ဒီလိုပူးပေါင်းဆောင်ရွက်မှုက ဒီနေ့ခေတ် စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မှာပါ" ဟု ရှာရစ်ဖ်၏ ပြောကြားချက်ကို Dawn သတင်းစာက ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်ရှာရစ်ဖ်က တူရကီအနေဖြင့် CPEC စီမံကိန်းတွင် ပူးပေါင်းရေးအတွက် ရှေ့ဆက် လုပ်ဆောင်မည်ဆိုပါက သူ့အနေဖြင့် တရုတ်ခေါင်းဆောင်နှင့် ဝမ်းမြောက်ဝမ်းသာ ဆွေးနွေးမည်ဖြစ်ကြောင်း ပြောသည်။

အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးပြဿနာများနှင့်ပတ်သက်၍ အိန္ဒိယဘက်မှ ကန့်ကွက်ဆန့်ကျင်မှုများ ရှိနေသော်လည်း ပါကစ္စတန်နှင့် တရုတ်တို့က CPEC စီမံကိန်းကို အာဖဂန်နစ္စတန်အထိ တိုးချဲ့မည့် အစီအစဉ်ကို ဆက်လုပ်ရန် ဆုံးဖြတ်ခဲ့ကြပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် ပါကစ္စတန်က စီမံကိန်းတွင် ပါဝင်ရန် တူရကီအား ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။

CPEC သည် တရုတ်နိုင်ငံ၏ရှေးဟောင်းကုန်သွယ်မှုလမ်းကြောင်းများကို မွမ်းမံရန် ရည်ရွယ်သည့် အလှမ်းကျယ်သော ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ပါကစ္စတန် နိုင်ငံတောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်ရှိ ဂွါဒါဆိပ်ကမ်းကို တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းနှင့် ချိတ်ဆက် ကာ ပါကစ္စတန်သိမ်းပိုက်ထားသည့် ကက်ရှ်မီးယားကို ဖြတ်သန်းသွားသော အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံတန် စီမံကိန်းကို အိန္ဒိယက တစိုက်မတ်မတ် ကန့်ကွက်နေဆဲဖြစ်သည်။

ယခုလအစောပိုင်းက ရှာရစ်ဖ်၏ တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ်က ပါကစ္စတန်နိုင်ငံ၏ ရေရှည်တည်တံ့သော စီးပွားရေးနှင့် မဟာဗျူဟာစီမံကိန်းများကို ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း အာမခံခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required