ဟံသာဝတီကို လက်စတာအသင်းနှင့် နှိုင်းယှဉ်မှုအပေါ် ခံစားချက်ထားမည် မဟုတ်ဟု နည်းပြဆို

ဟံသာဝတီကို လက်စတာအသင်းနှင့် နှိုင်းယှဉ်မှုအပေါ် ခံစားချက်ထားမည် မဟုတ်ဟု နည်းပြဆို
လိဂ်ပွဲစဉ်(၉)၌ ဟံသာဝတီအသင်း ဇွဲကပင်အသင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေစဉ်။ (ဓာတ်ပုံ-ရွှေဘုတ်)

မတ် ၅ ၊ ရန်ကုန်။           ။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်တွင် ခြေစွမ်းပြကာ နိုင်ပွဲများရရှိနေသည့် ဟံသာဝတီယူနိုက်တက်အသင်းကို ပရိသတ်အချို့က ယခုနှစ်ပရီးမီးယားလိဂ်တွင် အောင်မြင်နေသည့် လက်စတာစီးတီးအသင်းနှင့် နှိုင်းယှဉ်ချီးကျုးမှုအပေါ် ခံစားချက်ထားမည် မဟုတ် ဟု နည်းပြချုပ် ဦးငွေထွန်းက ဆိုသည်။ ဟံသာဝတီအသင်းသည် ယခုတစ်ပတ် လိဂ်ပွဲစဉ် (၉)၌ အမှတ်ပေးဇယား တတိယနေရာမှ ဇွဲကပင်အသင်းကို ၂-၁ ဖြင့်အနိုင်ရကာ အမှတ်ပေးဇယားထိပ်ဆုံး၌ ယာယီဦးဆောင်ထားနိုင်သည်။

“ ကျွန်တော်တို့ အသင်းကို ပရိသတ်တွေက လက်စတာအသင်းနဲ့ယှဉ်တယ် ဆိုပေမယ့် ဒီလိုမျိုးအပေါ် ဘာခံစားချက်မှ မထားထားပါဘူး။ နားထောင်ရုံပဲ ရှိမှာပါ။ ထင်မြင်ချက်တွေကတော့ ပြောကြတာပါပဲ။ လက်ရှိတော့ လာမယ့်ပွဲတွေကိုပဲ အာရုံစိုက်ပြီး တစ်ပွဲချင်း ခြေစွမ်းပြနိုင်ဖို့ပဲ ပြင်ဆင်သွားမှာပါ။ အသင်းမှာက နာမည်ကြီးကစားသမားမရှိပဲ ရှိတဲ့ ကစားသမားလေးတွေနဲ့ စုစုစည်းစည်းကစားနိုင်လု့ိ အခုလိုရလဒ်ကောင်းနေတာပါ။ အသင်းကိုပဲ သေချာပြင်ဆင်သွားမှာပါ ” ဟု ဟံသာဝတီနည်းပြ ဦးငွေထွန်းက ပြောသည်။

ပဲခူးတိုင်းကိုယ်စားပြု ဟံသာဝတီယူနိုက်တက်အသင်းသည် ၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ် စတင်ချိန်မှ စ၍ ဝင်ရောက်ယှဉ်ပြိုင်ကစားလျက်ရှိပြီး ကလပ်အသင်းသမိုင်းတလျောက် အအောင်မြင်ဆုံးအဖြစ် ၂၀၁၀ ခုနှစ် MFF Cup ရှုံးထွက်ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲထားနိုင်ခဲ့သည်။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်တွင်မူ ဟံသာဝတီအသင်းသည် ပွဲစဉ် ကိုးပွဲ ကစားပြီးချိန်၌ ရှုံးပွဲတစ်ပွဲမှ မရှိသေးပဲ ခြောက်ပွဲနိုင် သုံးပွဲသရေ ရလဒ် ရအောင် စွမ်းဆောင်ထားနိုင်ခဲ့ကာ ရာသီအစ ရလဒ်ကောင်းများ ပိုင်ဆိုင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly