အာဖဂန်နစ္စတန် အလယ်ပိုင်းတွင် လူငယ်စုံတွဲကို တာလီဘန်တို့က လူမြင်ကွင်း၌ ကြိမ်ဒဏ်ပေး

By Khaama Press
26 November 2022
အာဖဂန်နစ္စတန် အလယ်ပိုင်းတွင် လူငယ်စုံတွဲကို တာလီဘန်တို့က လူမြင်ကွင်း၌ ကြိမ်ဒဏ်ပေး

အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ဘာမီယန်ပြည်နယ်တွင် တစ်ဦးနှင့်တစ်ဦး ချစ်ကြိုက်နေသည် ဆိုသည့် လူငယ်ယောကျ်ားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ကို လက်မထပ်မီ ချိန်းတွေ့ပြီး အတူနေမှုအတွက် အပြစ်ရှိကြောင်း တာလီဘန်တရားရုံးတစ်ခုက ဆုံးဖြတ်ပြီး လူမြင်ကွင်းရှေ့တွင် ကြိမ်ဒဏ်ပြစ်ဒဏ်ပေးခဲ့သည်။

ဘာမီယန်ပြည်နယ်မှ တာလီဘန်တရားရုံးက အဆိုပါ လူငယ်စုံတွဲကို လက်မထပ်မီ ချိန်းတွေ့သည်ဟု ဆိုပြီး နိုဝင်ဘာ ၁၇ ရက်က ကြိမ်ဒဏ် ၃၉ ချက်စီ ပြစ်ဒဏ်ချခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

အာရီဇူးနှင့် မိုဟာမက် အက်ဆာ အမည်ရှိ လူငယ်စုံတွဲသည် ဘာမီယန်ပြည်နယ်သို့ အလည်အပတ် အပျော်ခရီးသွားစဉ် တာလီဘန်တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

တာလီဘန်တို့က ၎င်းတို့နှစ်ဦးကို လူမြင်ကွင်းရှေ့တွင် ပြစ်ဒဏ်ပေးခဲ့ရာတွင် အဆိုပါပြစ်ဒဏ်ပေးမှုကို လူထောင်ချီခန့် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လူမြင်ကွင်းရှေ့ ကြိမ်ဒဏ်ပေးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသမှ တာလီဘန် တာဝန်ရှိသူများက မှတ်ချက်ပေးခြင်း မရှိပေ။

တာလီဘန်တို့သည် နိုင်ငံ၏ ဒေသအသီးသီးတွင် အိမ်ထောင်ရေး ဖောက်ပြန်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသူများကို ယခင်ကလည်း ကြိမ်ဒဏ်ပေးမှုများ ရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly