တရုတ်၏ လမ်းညွှန်မှုအောက်၌ မြန်မာ-ပါကစ္စတန် စစ်ဘက်ဆိုင်ရာ မဟာမိတ်ဖွဲ့မှု ပိုမိုနက်ရှိုင်းလာ

တရုတ်၏ လမ်းညွှန်မှုအောက်၌ မြန်မာ-ပါကစ္စတန် စစ်ဘက်ဆိုင်ရာ မဟာမိတ်ဖွဲ့မှု ပိုမိုနက်ရှိုင်းလာ

မြန်မာအာဏာသိမ်းစစ်ကောင်စီနှင့် ပါကစ္စတန်တို့သည် နှစ်နိုင်ငံအကြား ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ခြင်းနှင့်အတူ ယခုအခါ စစ်ဘက် ပစ္စည်းထုတ်လုပ်မှုဆိုင်ရာ ချိတ်ဆက်ပတ်သက်မှုက ပိုမို နက်ရှိုင်းလာသည်။

ပါကစ္စတန်စစ်တပ်၏ အကြီးတန်း ကိုယ်စားလှယ်အဖွဲ့တစ်ခုသည် ပြီးခဲ့သည့်လက ရန်ကုန်မြို့အနီးရှိ စစ်ဘက်ဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး အဆောက်အအုံတစ်ခုကို စစ်ဆေးရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သလို ပါကစ္စတန်ထံမှ မြန်မာအာဏာသိမ်းစစ်တပ် ဝယ်ထားသည့် JF-17 block II လေယာဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင်လည်း ပါဝင်ခဲ့ကြောင်း The Economic Times က စုံစမ်းသိရှိခဲ့သည်။ အခြား ပါကစ္စတန်အဖွဲ့တစ်ခုသည်လည်း လက်နက်များ ထုတ်လုပ်ရာတွင် နည်းပညာ အကူအညီ ပံ့ပိုးရန် မြန်မာနိုင်ငံကို လာရောက်ခဲ့ကြောင်း The Economic Times က စုံစမ်းသိရှိသည်။

အလားတူ ပါကစ္စတန်ထံမှ မှာယူထားသည့် ဗုံးများနှင့် ကျည်ဆံများကို စစ်ဆေးရန် မြန်မာစစ်တပ်မှ အဖွဲ့တစ်ဖွဲ့သည့် စက်တင်ဘာလအစောပိုင်းက ပါကစ္စတန်ကို သွားရောက်ထားခဲ့ကြောင်း ထိုကိစ္စနှင့်ပတ်သက်ပြီး သိရှိသည့် လူတချို့က ပြောသည်။ အဆိုပါ အဖွဲ့သည် ပစ္စည်းများ ပေးပို့မှု မတိုင်မီ စစ်ဆေးရန် ယခုလအစောပိုင်းက ပါကစ္စတန်ကို ထပ်မံသွားရောက်ခဲ့သည်။

ပါကစ္စတန်သည် ရေငုပ်သင်္ဘော စစ်ဆင်မှုဆိုင်ရာ ပစ္စည်းကိရိယာများ တည်ဆောက်ထုတ်လုပ်မှုပိုင်းနှင့် ပတ်သက်ပြီး တရုတ်နှင့် ပိုမို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ တရုတ်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်း၊ အလုံးစုံစစ်ဆေးနိုင်ရန်နှင့် ပါကစ္စတန် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ငန်းများကို တရုတ်စစ်ဘက် ပစ္စည်း ရောင်းချမှုများအတွက် အဓိက လမ်းကြောင်း ဖြစ်စေရန် မျှော်လင့်လျက် ရှိကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပါကစ္စတန်သည် တရုတ်၏ အားပေးအားမြှောက်မှုဖြင့် မြန်မာအာဏာသိမ်းစစ်ကောင်စီနှင့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုပိုင်းတွင် တိုးမြှင့်ပူးပေါင်းဆောင်ရွက်ထားခဲ့ကြောင်း The Economic Times က အစောပိုင်းက ဖော်ပြထားပြီး ဖြစ်သည်။ မြန်မာသည် အိန္ဒိယ၏ အဓိက အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ မြန်မာအာဏာသိမ်းစစ်တပ်သည် တရုတ်-ပါကစ္စတန်၏ အထောက်အပံ့ဖြင့် ပြည်တွင်း စစ်ဘက်ပစ္စည်း

ထုတ်လုပ်မှုကို ဖွံ့ဖြိုးစေရန် ဆန္ဒရှိနေသလို ရုရှားနှင့်လည်း စစ်ဘက်ကာကွယ်ရေးပိုင်းတွင် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ထားကြောင်း ကျွမ်းကျင်သူများက The Economic Times ကို ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ဒုံးကျည်များ ဝယ်ယူရန် ရုရှားသို့ ခရီးစဉ်များ သွားရောက်ထားခဲ့ရာ တရုတ်က ၎င်းတို့၏ စစ်လက်နက်များအတွက် အဓိက ဖောက်သည်အဖြစ် မြန်မာကို ဆုံးရှုံးရမည်ကို စိုးရိမ်နေကြောင်း The Economic Times က အစောပိုင်းက ဖော်ပြသည်။

တရုတ်၏ အားပေးမှုဖြင့် ပါကစ္စတန်သည် မြန်မာကို စစ်သေနတ်ကြီးများ၊ ၆၀ မမ နှင့် ၈၁ မမ စိန်ပြောင်းများနှင့် M-79 ဗုံးပစ်လောင်ချာများ ရောင်းချရန် စဉ်းစားနေကြောင်း The Economic Times က စုံစမ်းသိရှိခဲ့သည်။

မြန်မာစစ်တပ်သည် ပါကစ္စတန်နှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုကို တိုးချဲ့နိုင်ရန် ကြိုးပမ်းနေသလို ၎င်းတို့၏ JF-17 တိုက်လေယာဉ်များအတွက် ပါကစ္စတန်ထံမှ ဝေဟင်မှ မြေပြင်ပစ် ဒုံးများ ဝယ်ရန် မျက်စိကျနေသည်။ ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ်ဖြစ်သည့် JF-17 Thunder သည် ပါကစ္စတန် Aeronautical Complex နှင့် တရုတ်၏ Chengdu Aerospace Corporation တို့ ပူးတွဲထုတ်လုပ်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူနည်းစုအပေါ် ပစ်မှတ်ထားပြီး “နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး” လုပ်ဆောင်သည်ဟု ဆိုပြီး ယခင်ကာလအတွင်း မြန်မာအာဏာပိုင်တို့အပေါ် ပါကစ္စတန်က အပြင်းအထန် ဝေဖန်ခဲ့သည်။ အလားတူ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ကို ပါကစ္စတန်က လေ့ကျင့်၊ လက်နက် တပ်ဆင်ပေးကြောင်း မြန်မာကလည်း ယခင်က စွပ်စွဲခဲ့သည်။

သို့သော် ယခုအခါ မြန်မာစစ်တပ်နှင့် ပါကစ္စတန်အကြား ပိုမိုနီးစပ်စေရန်နှင့် လက်နက်သဘောတူညီချက်များ ရရှိနိုင်စေရန် တရုတ်က ကြားဝင်လုပ်ဆောင်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly