‘ကမ္ဘာ့ငြိမ်းချမ်းရေး’အတွက် မြောက်ကိုရီးယားနှင့် တွဲလုပ်ရန် တရုတ်က ဆန္ဒရှိဟု ရှီကျင့်ဖျင် ပြော 

‘ကမ္ဘာ့ငြိမ်းချမ်းရေး’အတွက် မြောက်ကိုရီးယားနှင့် တွဲလုပ်ရန် တရုတ်က ဆန္ဒရှိဟု ရှီကျင့်ဖျင် ပြော 

နိုဝင်ဘာလ ၂၆ ရက်

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနှင့် အတူတွဲဖက်လုပ်ဆောင်ရန် ဆန္ဒရှိသည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ကို ပြောခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းက စနေနေ့တွင် ဖော်ပြသည်။ 

မြောက်ကိုရီးယားသည် အင်အားအပြင်းဆုံး စမ်းသပ်မှုအဖြစ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ထားပြီး အမေရိကန်၏ နျူကလီးယား ခြိမ်းခြောက်မှုကို ကိုယ်ပိုင်နျူကလီးယားဖြင့် တန်ပြန်မည်ဟု ကြေညာထားကာ ရက်ပိုင်းအတွင်း ရှီကျင့်ဖျင်၏ ယခု သတင်းစကား ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ 

မြောက်ကိုရီးယားသည် မကြာသေးသော သီတင်းပတ်များအတွင်း စံချိန်တင် ဒုံးကျည်စမ်းသပ်မှုများကို လုပ်ဆောင်ထားပြီး ၂၀၁၇ မှနောက်ပိုင်း ပထမဆုံးအဖြစ် ခုနစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို ပြင်ဆင်နေသည်ဟု စိုးရိမ်ပူပန်မှုများ ကြီးထွားစေသည်။ 

ကင်ဂျုံးအွန်ထံသို့ ရှီကျင့်ဖျင်၏ သတင်းစကားတွင် “ဒေသတွင်းနှင့် ကမ္ဘာ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနှင့် ချမ်းသာဝပြောရေး”တို့အတွက် မြောက်ကိုရီးယားနှင့် တွဲဖက်လုပ်ကိုင်ရန် တရုတ်က အသင့်ရှိသည်ဟု ဖော်ပြထားကြောင်း KCNA သတင်းဌာနက ဆိုသည်။ 

“ကမ္ဘာကြီးတွင် အပြောင်းအလဲများ၊ အချိန်ကာလနှင့် သမိုင်းတို့သည် မကြုံစဖူး လမ်းကြောင်းဖြင့် ပြောင်းလဲနေခြင်းကြောင့်” မြောက်ကိုရီးယားနှင့် ပူးပေါင်းရန် ဆန္ဒရှိသည်ဟု ရှီကျင့်ဖျင်က ဆိုကြောင်း KCNA သတင်းက ဖော်ပြသည်။ ပြီးခဲ့သည့် လက တရုတ်ကွန်မြူနစ်ပါတီက ရှီကျင့်ဖျင်ကို တတိယသက်တမ်း တင်မြှောက်ပြီးနောက် မြောက်ကိုရီးယား၏ ဂုဏ်ပြုမှုကို တုံ့ပြန်သည့် သတင်းစကားတွင် ယခုကဲ့သို့ ဆိုထားခြင်း ဖြစ်သည်။ 

မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည် မပစ်လွှတ်ခင် ရက်အတော်ကြာက အင်ဒိုနီးရှားရှိ ဂျီ ၂၀ ထိပ်သီးအစည်းအဝေး ပြင်ပန်း၌ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ မြောက်ကိုရီးယားကြောင့်ဖြစ်သော နောက်ထပ် အရှိန်မြင့်တက်မှုများကို တရုတ်အနေဖြင့် လိုလားမည်မဟုတ်ဟု ယုံကြည်ကြောင်း ဂျိုး ဘိုင်ဒင်က ပြောခဲ့သည်။ 

မြောက်ကိုရီးယား၏ အရေးပါဆုံး မဟာမိတ်နှင့် စီးပွားရေးအကျိုးရှိစေသည့် တရုတ်သည် မြောက်ကိုရီးယားကို ထိန်းချုပ်ရန် ၎င်း၏ ဩဇာအား အသုံးချရန် လိုလားကြောင်း အမေရိကန်က ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly