ပါကစ္စတန် စစ်တပ်အကြီးအကဲ၏ မိသားစု ၆ နှစ်အတွင်း ရူပီးဘီလီယံနှင့်ချီ ကြွယ်ဝလာကြောင်း သတင်းထွက်ပေါ်

ပါကစ္စတန် စစ်တပ်အကြီးအကဲ၏ မိသားစု ၆ နှစ်အတွင်း ရူပီးဘီလီယံနှင့်ချီ ကြွယ်ဝလာကြောင်း သတင်းထွက်ပေါ်

ပါကစ္စတန်နိုင်ငံတွင် ဩဇာအကြီးဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်သလို ယခုလကုန်ပိုင်းတွင် တာဝန်မှ အနားယူတော့မည့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက်ဒ် ဘာဂျ်ဝါ၏ မိသားစုဝင်များသည် ပြီးခဲ့သည့် ၆ နှစ်အတွင်းမှာပင် ချမ်းသာကြွယ်ဝမှုတန်ဖိုး သိသိသာသာ မြင့်တက်လာကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက် ဘာဂျ်ဝါ၏ ရာထူးသက်တမ်း ကုန်ဆုံးရန် သီတင်းပတ်နှစ်ပတ် ပင် မလိုတော့ချိန်တွင် အဆိုပါ သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါ၏ မိသားစုဝင်များနှင့် ဆွေမျိုးများသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း စီးပွားရေး လုပ်ငန်းသစ်တစ်ခုကို မည်သို့မည်ပုံ စတင်ခဲ့ပုံ၊ ပါကစ္စတန်၏ အဓိကမြို့ကြီးများ၌ စိုက်ပျိုးမွေး မြူရေးခြံကြီးများ၏ ပိုင်ရှင်များ ဖြစ်လာပုံ၊ နိုင်ငံခြားရှိ အဆောက်အအုံများကို ဝယ်ယူခဲ့ပုံ၊ ထိုလုပ်ငန်းစဉ်အတွင်း ဒေါ်လာ ဘီလီယံ နှင့်ချီ ဖြစ်ထွန်းစေခဲ့ပုံနှင့်ပတ်သက်ပြီး Fact Focus တွင် ရေးသားသည့် ပါကစ္စတန် ဂျာနယ်လစ် အာမက်ဒ် နိုရာနီက ထုတ်ဖော်ထားသည်။

အဆိုပါ စုံစမ်းဖော်ထုတ်ရေးသားထားသည့် သတင်းဖော်ပြချက်တွင် ဘာဂျ်ဝါ၏ ဇနီး အယီရှား အမ်ဂျက်ဒ်၊ ချွေးမ မန်ဟ်နိုး ဆာဘီယာနှင့် အခြားသော မိသားစုဝင်များ အပါအဝင် ဘာဂျ်ဝါ မိသားစု၏ ဘဏ္ဍာရေးကိစ္စများအပေါ် စုံစမ်းလေ့လာထားသည့် အချက်အလက် အများအပြားဖြင့် ပံ့ပိုးထားသည်။

“ပြီးခဲ့တဲ့ ခြောက်နှစ်အတွင်းမှာပဲ ဒီမိသားစုဝင်တွေဟာ ဘီလျံနာတွေဖြစ်လာခဲ့တယ်။ သူတို့ဟာ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတစ်ခုကို စလုပ်ခဲ့တယ်။ နိုင်ငံခြား အဆောက်အအုံအများအပြားကို ဝယ်ခဲ့ကြတယ်။ ရင်းနှီး ငွေတွေကို ပြည်ပကို စတင်ပြောင်းရွှေ့ကြတယ်။ စီးပွားဖြစ် ပလာဇာတွေ၊ မြေကွက်တွေရဲ့ ပိုင်ရှင်တွေ ဖြစ်လာ ကြတယ်။ အစ္စလမ်မာဘတ်နဲ့ ကရာချိမြို့တို့မှာ စိုက်ပျိုးမွေးမြူရေးခြံကြီးတွေ ပိုင်ကြတယ်။ လာဟိုးမှာလည်း အင်မတန် ကြီးမားတဲ့ အိမ်ခြံမြေလုပ်ငန်းကြီးကိုလည်း ပိုင်ခဲ့ကြတယ်။ ပြီးခဲ့တဲ့ ခြောက်နှစ်အတွင်း ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါ မိသားစုရဲ့ ပြည်တွင်း၊ ပြည်ပမှာ ရှိတဲ့ သိထားရတဲ့ ပိုင်ဆိုင်မှုတွေ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ လက်ရှိ ဈေးကွက်တန်ဖိုးဟာ ရူပီး ၁၂ ဒသမ ၇ ဘီလီယံကျော် ရှိပါတယ်” ဟု နိုရာနီက ရေးသားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly