ဆိုးလ်မြို့တော်တွင် မောင်းသူမဲ့ ဘတ်စ်ကား အစမ်းပြေးဆွဲ 

ဆိုးလ်မြို့တော်တွင် မောင်းသူမဲ့ ဘတ်စ်ကား အစမ်းပြေးဆွဲ 

နိုဝင်ဘာလ ၂၅ ရက်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ပထမဆုံး မောင်းသူမဲ့ အလိုအလျောက်မောင်း ဘတ်စ်ကားလမ်းကြောင်းကို သောကြာနေ့တွင် ပထမဆုံး စမ်းသပ်ပြေးဆွဲပြီ ဖြစ်သည်။ 

လမ်းများပေါ်၌ ဒရိုင်ဘာမဲ့ကားများနှင့်အတူ လူအများ ပို၍ သက်သောင့်သက်သာ ရှိစေရန် ရည်ရွယ်သည်ဟု အင်ဂျင်နီယာများက ဆိုကာ အစမ်းပြေးဆွဲမှု တစ်စိတ်တစ်ပိုင်းအဖြစ် ယခုကဲ့သို့ ပထမဆုံး လမ်းပေါ်တွင် ပြေးဆွဲခြင်း ဖြစ်သည်။ 

အဆိုပါ ဘတ်စ်ကားသစ်သည် သာမန်ဘတ်စ်ကားများနှင့်မတူဘဲ ရှေ့မှန်ကြီးများဖြင့် ထောင့်စွန်းများ လုံးဝန်းသည့် ပုံစံရှိကာ နည်းပညာတစ်ခေတ်ဆန်းခြင်းထက် အရုပ်တစ်ရုပ်နှင့် ပို၍ တူနေသည်။ 

ယင်း ဒီဇိုင်းကို ရည်ရွယ်ချက် ရှိရှိ ထုတ်လုပ်ထားခြင်းဖြစ်ပြီး လက်ရှိ၌ ကားကုမ္ပဏီကြီး ဟွန်ဒိုင်းက ပိုင်ဆိုင်ပြီဖြစ်သည့် အလိုအလျောက်မောင်း နည်းပညာအတွက် ကနဦးအဆင့်ဖြစ်ကြောင်း တောင်ကိုရီးယားရှိ ဆော့ဖ်ဝဲကုမ္ပဏီ 42dot မှ အလိုအလျောက်မောင်းယာဉ်များဌာန အကြီးအကဲ Jeong Seong-gyun က ပြောသည်။ 

“ဒါဟာ အနာဂတ်ပါပဲ”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောပြီး ဘတ်စ်ကားအနေဖြင့် “ပိုပြီး သစ်လွင်သော ဒီဇိုင်သစ် လိုအပ်ကြောင်း” ဖြည့်စွက်ဆိုသည်။ 

ယခု ဘတ်စ်ကားသည် “အိမ်၊ တံတား၊ ရထားများဖြစ်အောင် ဆက်ရသည့် ပလတ်စတစ်တုံး” နှင့် အတော်လေး ဆင်တူပြီး ပါဝင်အစိတ်အပိုင်းများသည် ဈေးနှုန်းချိုသာစေပြီး လွယ်လင့်တကူ ပုံပွားထုတ်လုပ်၍ ရသည်ဟု ၎င်းက ပြောသည်။ 

ကုမ္ပဏီ၏ ရည်ရွယ်ချက်မှာ နည်းပညာ အဖိုးချိုသာမှု၊ ဘေးကင်းမှုနှင့် အနာဂတ် ကားပုံစံများစွာသို့ အလွယ်တကူ ကူးပြောင်းနိုင်မှုများအတွက် ရည်ရွယ်ပြီး ဥပမာ ကုန်ပစ္စည်း သယ်ပို့သော ထရပ်ကားများအဖြစ် အလွယ်တကူ ထုတ်လုပ်နိုင်ရေးတို့အထိ ရည်ရွယ်သည်။ 

လက်ရှိအထိ ဘေးကင်းရန်အတွက် အနီးကပ် စောင့်ကြည့်ခြင်းနှင့်အတူ ဆိုးလ်မြို့လယ် ၂ ဒသမ ၁ မိုင် စက်ဝိုင်းပတ်လမ်းကြောင်းကို မိနစ် ၂၀ အတွင်း သွားလာနိုင်မည် ဖြစ်သည်။ 

လူများအနေဖြင့် app မှတစ်ဆင့် အခမဲ့ ခုံနေရာ လျှောက်ထားပြီး သတ်မှတ်နေရာ နှစ်ခုမှ ယခု ဘတ်စ်ကားပေါ်သို့ တက်စီးနိုင်သည်။ 

“အနာဂတ်ကို သွားနေတဲ့ အချိန်ခရီးသွားစက်အတွင်း ရောက်နေသလို ကျွန်မ ခံစားရတယ်”ဟု သောကြာနေ့က ဘတ်စ်ကား ပထမဆုံး ပြေးဆွဲရာတွင် မိနစ် ၂၀ ကြာ စီးနင်းခဲ့သည့် Kim Yi Hae ဆိုသည့် အမျိုးသမီးက ပြောသည်။ 

“ရုတ်တရက် အရှိန်နဲ့ မောင်းလို့ ခေါင်းမူးတာတွေ ဖြစ်မယ်လို့ ကျွန်မ ထင်ခဲ့တယ်၊ ဒါပေမဲ့ ဘာမှ မဖြစ်ဘူး”ဟု ၎င်းက ဆိုသည်။ 

စီးနင်ရသည်မှာ “လွန်စွာ ညင်သာပြီး ဘေးကင်းကြောင်း” တောင်ကိုရီးယား ကုမ္ပဏီက ဖန်တီးသည် နည်းပညာတိုးတက်မှုကို ဂုဏ်ယူရင်း ၎င်းက ပြောသွားခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly