အီရန်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ထောက်ခံသည့် လက်ရွေးစင်ဘောလုံးသမားဟောင်း ဖမ်းဆီးခံရ

အီရန်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ထောက်ခံသည့် လက်ရွေးစင်ဘောလုံးသမားဟောင်း ဖမ်းဆီးခံရ

နိုဝင်ဘာ ၂၅

အီရန်တွင် စက်တင်ဘာလနောက်ပိုင်း နိုင်ငံကို လှုပ်ခတ်ခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အခိုင်အမာ ထောက်ခံသည့် နာမည်ကျော် လက်ရွေးစင် ဘောလုံးသမားဟောင်းတစ်ဦးကို အာဏာပိုင်တို့က နိုဝင်ဘာ ၂၄ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းအေဂျင်စီများက ဖော်ပြသည်။

၂၀၁၉ ခုနှစ်အထိ အီရန်အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းအတွက် ၂၈ ပွဲ ကစားပေးခဲ့သည့် ဗိုရီယာ ဂါဖိုရီသည် အစိုးရ ဆန့်ကျင်ရေး ဝါဒဖြန့်သည်ဟု စွပ်စွဲခံရပြီး ကလပ်အသင်းတစ်သင်း၏ လေ့ကျင့်ရေး အစီအစဉ်များအပြီး ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း Fars သတင်းအေဂျင်စီက ဖော်ပြသည်။

ဂါဖိုရီသည် အီရန်တွင် ဆန္ဒပြပွဲများအပေါ် အာဏာပိုင်တို့၏ ဖြိုခွင်းနှိမ်နင်းမှုအတွင်း ဖမ်းဆီးခံလိုက်ရသည့် လူသိများအထင်ရှားဆုံး ပုဂ္ဂိုလ်များအနက် တစ်ဦး ဖြစ်လာသည်။

တစ်ချိန်တည်းမှာပင် လက်ရှိ ကာတာနိုင်ငံ၌ ကျင်းပနေသည့် ကမ္ဘာ့ဖလားပွဲတွင် အီရန်လက်ရွေးစင်အသင်း၏ အပြုအမူနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလည်း ရှိနေသည်။

အီရန်အသင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်က ကမ္ဘာ့ဖလားပြိုင်ပွဲ အင်္ဂလန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပထမဆုံးပွဲစဉ်တွင် နိုင်ငံတော်သီချင်း မဆိုဘဲ နေခဲ့ကြသည်။

လက်ရှိအချိန်တွင် ဂါဖိုရီ၏ ဇာတိဖြစ်သော အီရန် အနောက်ပိုင်း ကာဒစ်ရှ် ဧရိယာများတွင် အာဏာပိုင်များ၏ ဖြိုခွင်းနှိမ်နင်းမှု အတိုင်းအတာနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ကြီးထွားလျက် ရှိပြီး ပြီးခဲ့သည့် သီတင်းတစ်ပတ်ထဲမှာပင် လူဒါဇင်နှင့်ချီ အသတ်ခံရကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောကြသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly