ပါကစ္စတန်တွင် စစ်တပ်က အကြွင်းမဲ့အာဏာရရှိနေဟု ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း ဝေဖန်

ပါကစ္စတန်တွင် စစ်တပ်က အကြွင်းမဲ့အာဏာရရှိနေဟု ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း ဝေဖန်

ပါကစ္စတန်နိုင်ငံတွင် စစ်တပ်သည် အရပ်သားအစိုးရများနှင့် ယှဉ်ပါက အကြွင်းမဲ့အာဏာ ရယူအသုံးချနေကြောင်း ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက ဝေဖန်ပြောကြားလိုက်သည်။

ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်ကာလအတွင်း ယခုနှစ် ဖေဖေါ်ဝါရီလက ရုရှားသို့ သွားရောက်ခဲ့ ပြီးနောက် မိမိအတွက် အခြေအနေက ရုတ်ခြည်းပြောင်းလဲသွားပြီး ဆိုးသထက် ဆိုးလာခဲ့ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက နိုဝင်ဘာ ၁၇ ရက် လာဟိုးမြို့ နေအိမ်၌ ဂျာနယ်လစ်များကို ပြောသည်။

ယူကရိန်းအပေါ် ရုရှား ကျူးကျော်သည့်ကိစ္စနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၌ ပါကစ္စတန်အနေဖြင့် ဆန့်ကျင်မဲပေးရန် စစ်တပ်အကြီးအကဲက ဆန္ဒရှိခဲ့ကြောင်းနှင့် မိမိအနေဖြင့်ကမူ မဲမပေးဘဲ နေခြင်းကသာ ပိုကောင်းသည့် ရွေးချယ်စရာဖြစ်မည်ဟု ရှုမြင်ခဲ့ကြောင်း အီမရန် ခန်းက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်၏ ဖိအားပေးမှုများ ရှိကြောင်း စစ်တပ်အကြီးအကဲက သူ့ကို ပြောခဲ့သည်ဟု အီမရန် ခန်းက ပြောသည်။

“ပါကစ္စတန်အနေနဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကိုပဲ ကိုင်ဆွဲသင့်တယ်လို့ ကျွန်တော် သူ့ (စစ်တပ် အကြီးအကဲ) ကို ပြောခဲ့ပါတယ်” ဟု ခန်းက ပြောသည်။

ရုရှား ခရီးစဉ်အတွင်း ရုရှားအာဏာပိုင်တို့သည် ပါကစ္စတန်ကို ဓာတ်ငွေ့နှင့် ရေနံအထောက်အပံ့များအပြင် ဂျုံကို လျှော့ဈေးဖြင့် ရောင်းပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရန် ပါကစ္စတန်အတွက် ထိုကမ်းလှမ်းချက်က လိုအပ်သည့်အရာဖြစ်ကြောင်း အီမရန်ခန်းက ပြောသည်။

ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းသည် ယခုနှစ် ဧပြီလက အတိုက်အခံအုပ်စု တင်သွင်းသော အယုံအကြည်မရှိ အဆို မဲခွဲမှုကြောင့် ရာထူးမှ ဖြုတ်ချခံခဲ့ရသူဖြစ်သည်။

ယခင် ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း အူစမန် ဘက်ဇ်ဒါကိစ္စနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကိစ္စတို့နှင့်ပတ်သက်၍လည်း ၎င်းနှင့် စစ်တပ်အကြား သဘောကွဲလွဲမှုများ ရှိခဲ့ကြောင်း အီမရန် ခန်းက ဝန်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required