တောင်ကိုရီးယားသမ္မတကို ‘လူအ’ ဟု မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမဖြစ်သူ ဝေဖန်

တောင်ကိုရီးယားသမ္မတကို ‘လူအ’ ဟု မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမဖြစ်သူ ဝေဖန်

နိုဝင်ဘာလ ၂၄ ရက်

တောင်ကိုရီးယားသမ္မတနှင့် အစိုးရသည် “လူအ၊ လူနများ” သို့မဟုတ် အမေရိကန်ကို “သစ္စာစောင့်သော ခွေး” ဖြစ်သည် ဆိုပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း၏ ဩဇာထက်သည့် ညီမဖြစ်သူက အပြင်းအထန် သုံးနှုန်း ဝေဖန်လိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက နိုဝင်ဘာ ၂၄ ရက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် သီတင်းပတ်က တိုက်ချင်းပစ် ပဲ့ထိန်းဒုံး အပါအဝင် မကြာသေးခင်က ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ လုပ်ဆောင်ထားသည့် မြောက်ကိုရီးယားအပေါ် တစ်ဖက်သတ် ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်ရန် စဉ်းစားနေကြောင်း တောင်ကိုရီးယားက ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့ပြီးနောက် ယခု မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမ ကင်ယိုဂျုံ၏ အမနာပ ပြောကြားချက် ထွက်ရှိလာခြင်း ဖြစ်သည်။

“ဒီလို စိတ်ပျက်ဖွယ်‌ ကောင်းတဲ့ လုပ်ရပ်ကို ကြည့်မယ်ဆိုရင် တောင်ကိုရီးယားအုပ်စု (တောင်ကိုရီးယားအစိုးရ) ဟာ အမေရိကန်ကို သစ္စာစောင့်သိတဲ့ ခွေး၊ အမေရိကန်ရဲ့ ခိုင်းဖတ် ဖြစ်တယ်ဆိုတာကို ပိုပြီး ရှင်းရှင်းလင်းလင်း ပြသနေပါတယ်” ဟု ကင်ယိုဂျုံက ပြောကြောင်း မြောက်ကိုရီးယား KCNA သတင်းအေဂျင်စီက ထုတ်ပြန်သည်။

“တောင်ကိုရီးယားအုပ်စုက ကျွန်မတို့ မြောက်ကိုရီးယားအပေါ် မိုက်မိုက်ရိုင်းရိုင်း ဘာဆန်ရှင်တွေများ ချချင်သလဲ ကျွန်မ သိချင်မိပါရဲ့။ အဲဒီလိုဆိုရင် သူတို့ဟာ အမေရိကန်က ပစ်ပေးတဲ့ အရိုးတစ်ချောင်းအတွက် စည်းလွတ် ဘောင်လွတ် ပြေးနေတဲ့ ခွေးတစ်ကောင်နဲ့ မခြားတော့ပါဘူး” ဟု ကင်ယိုဂျုံက ပြောသည်။

တောင်ကိုရီးယား၏ လက်ရှိ သမ္မတ ယွန်းဆော့ယောသည် “အန္တရာယ်ကြီးသော အခြေအနေ” တစ်ရပ်ကို ဖန်တီးနေသည်ဟု ကင်ယိုဂျုံက စွပ်စွဲသလို ၎င်းကို အရင်သမ္မတဟောင်း မွန်းဂျေအင်းနှင့် ယှဉ်ပါက သဘောမတွေ့ကြောင်း ခိုင်းနှိုင်းသွားခဲ့သည်။ တောင်ကိုရီးယား၏ ယခင်သမ္မတ မွန်ဂျေအင်းလက်ထက်တွင် ဆိုးလ်သည် မိမိတို့၏ ပစ်မှတ်မဟုတ်ခဲ့ဟု ကင်ယိုဂျုံက ပြောသည်။

“ယွန်းဆော့ယော ခေါင်းဆောင်တဲ့ အစိုးရနဲ့ အခြား အရူးအနှမ်းတွေရဲ့ ခုလို လုပ်ရပ်တွေကို တောင်ကိုရီးယားပြည်သူတွေက ဘာကြောင့်များ မတုန်မလှုပ် ဒီတိုင်း ဆက်ပြီး ရပ်ကြည့်နေကြသလဲဆိုတာကို ကျွန်မ သိချင်မိပါရဲ့” ဟု သူမက ပြောသည်။

မြောက်ကိုရီးယားသည် ရန်စသည့် လုပ်ရပ်တစ်ခု မလုပ်ဆောင်ခင် ယခုကဲ့သို့ ထုတ်ပြန်ချက်မျိုး ထုတ်ပြန်လေ့ ရှိကြောင်း ဆိုးလ်ရှိ မြောက်ကိုရီးယားအရေး လေ့လာမှုဆိုင်ရာ တက္ကသိုလ်မှ ပါမောက္ခ ယန်းမူဂျင်းက ပြောသည်။

“မကြာခင်က မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ အမေရိကန်ကို ဆန့်ကျင်ပြီး စစ်လက်နက်ဆိုင်ရာ ထုတ်ဖော်ပြသမှုတစ်ခု ရှိလာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly