အဆင့်လေးနေရာထက် ဆုဖလားများကို ပိုမိုအလိုရှိသည်ဟု ဗန်ဟားလ် ပြော

အဆင့်လေးနေရာထက် ဆုဖလားများကို ပိုမိုအလိုရှိသည်ဟု ဗန်ဟားလ် ပြော

မန်ချက်စတာ၊ မတ် ၅ ။              ။ မန်ယူအသင်းနည်းပြ လူးဝစ္စဗန်ဟားလ်က ပရီးမီးယားလိဂ်တွင် အဆင့်လေးရရှိခြင်းထက် ဆုဖလားများကို ပိုမိုအလိုရှိကြောင်း ပြောဆိုလိုက်သည်။

လက်ရှိအချိန်တွင် မန်ယူအသင်းမှာ ပရီးမီးယားလိဂ်တွင် အဆင့်လေးမှ မန်စီးတီးထက် တစ်ပွဲပိုကစားထားကာ ရမှတ်တူဖြင့် အဆင့်ငါးနေရာ၌ ရပ်တည်နေသည်။ ယူရိုပါလိဂ်တွင် ၁၆ သင်း ရှုံးထွက်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အက်ဖ်အေဖလားတွင် ကွာတားဖိုင်နယ်သို့ရောက်ရှိနေပြီ ဖြစ်သည်။

ဗန်ဟားလ်က ယူရိုပါလိဂ်ဖလားနှင့် အက်ဖ်အေဖလားတို့ကို ရရှိခြင်းသည် ပရီးမီးယားလိဂ်တွင် အဆင့်လေးရရှိခြင်းထက် ပိုမို အရေးကြီးသည်ဟု ယုံကြည်လျက်ရှိသည်။

'အဓိက ရည်မှန်းချက်က ယူရိုပါလိဂ်ဖလားကို ရရှိဖို့ပါ။ ဒီဖလားကို မန်ယူအသင်း တစ်ခါမှ မရဖူးပါဘူး။

အက်ဖ်အေဖလားကို နောက်ဆုံးရရှိခဲ့တဲ့ နှစ်ကလည်း တော်တော်ကြာခဲ့ပါပြီ။ ဒါကြောင့် အက်ဖ်အေဖလားကို ရယူနိုင်မယ်ဆိုရင်လည်းမန်ယူအသင်းနဲ့ ပရိသတ်တွေအတွက် တကယ်ကို ပျော်ရွှင်ကျေနပ်စရာပါ။

ဆုဖလားတွေ ရရှိခြင်းက အဆင့်လေးရရှိခြင်းထက် အမြဲတမ်းပိုပြီး တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကလည်း ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ။ ယူရိုပါလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်က ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်' ဟု ဗန်ဟားလ်က ပြောသည်။

နောက်ဆုံးတွင် ဗန်ဟားလ်က မန်ယူအသင်းမှာ အများကြီးပြောင်းလဲသွားခြင်း မရှိကြောင်း ပြောဆိုခဲ့ပြီး ယခုပုံစံကို ဆက်လက်ထိန်းသိမ်းထားရန်မှာ ယုံကြည်မှုသာ အရေးကြီးကြောင်းပြောဆိုခဲ့သည်။ ယခုတစ်ပတ်တွင် ယှဉ်ပြိုင်ရမည့် ဝက်စ်ဘရွန်းနှင့်ပွဲစဉ်မှာ ခက်ခဲမည် ဖြစ်ကြောင်းလည်း ဗန်ဟားလ်က ဆိုသည်။

Ref: Sky Sport

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly