ခက်ခဲတဲ့ နှစ်တစ်နှစ်ကို 'ကျေနပ်စရာ' ATP Finals ချန်ပီယံဆုနဲ့ ဂျိုကိုဗစ် အဆုံးသတ်

ခက်ခဲတဲ့ နှစ်တစ်နှစ်ကို 'ကျေနပ်စရာ' ATP Finals ချန်ပီယံဆုနဲ့ ဂျိုကိုဗစ် အဆုံးသတ်
Photo: EPA

တနင်္ဂနွေနေ့က ATP Tour Finals အောင်မြင်မှု (၆) ကြိမ်မြောက် စံချိန်ကို လိုက်မီခဲ့တဲ့ နိုဗက် ဂျိုကိုဗစ်က ခက်ခဲ့တဲ့ တစ်နှစ်အတွက် "အလွန်ကျေနပ်စွာ" အဆုံးသတ်နိုင်တယ်လို့ ပြောပါတယ်။

ဆာ့ဘ်တင်းနစ်သမားဟာ နော်ဝေကစားသမား ကက်စပါရုဒ်ကို ၇-၅၊ ၆-၃ နဲ့ တူရင်မှာ အနိုင်ရရှိခဲ့ပြီး ထိပ်တန်းကစားသမားများအတွက် နှစ်ကုန်ပိုင်းပြိုင်ပွဲမှာ ရော်ဂျာဖက်ဒရာရဲ့ အောင်မြင်မှု (၆) မြောက် စံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် ဂျိုကိုဗစ်ဟာ သူ့ရဲ့ ကာကွယ်ဆေးအခြေအနေကြောင့် အဓိက ပြိုင်ပွဲနှစ်ခုကို လွဲချော်ခဲ့တဲ့ ရာသီတစ်ခုအပြီးမှာ  ATP Finals သမိုင်းမှာ အသက်အကြီးဆုံး ချန်ပီယံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

"ဒါဟာ လေးလေးနက်နက် ကျေနပ်စရာလို့ ခံစားရပြီး တစ်ချိန်တည်းမှာပဲ ဒီနှစ်အစောပိုင်းက သြစတြေးလျနဲ့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကြောင့် ကျနော် ဒီနှစ်ကို ဖြတ်သန်းခဲ့ရတဲ့ အနေအထားတွေအတွက် ကြီးမားတဲ့ သက်သာရာရမှုတစ်ခုပါပဲ"လို့ သူက ပြောပါတယ်။

"ကျနော်တို့ လှည့်ပြန်သွားစရာ မလိုပါဘူး။ ဘာဖြစ်ပျက်ခဲ့သလဲဆိုတာ ကျနော့်တို့သိပါတယ်"

ဇန်နဝါရီလမှာ ဂျိုကိုဗစ်ဟာ သူ့ရဲ့ Covid ကာကွယ်ဆေးမထိုးထားတဲ့ အခြေအနေကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သြစတြေးလျကနေ ပြန်ပို့ခံရပြီး သြစတြေးလျအိုးပင်းပြိုင်ပွဲကို လွဲချော်ခဲ့ပါတယ်။

"ဒါက ကျနော့်ရဲ့ နှစ်စမှာ သိသာထင်ရှားတဲ့ သက်ရောက်မှုရှိခဲ့ပါတယ်။ ပထမလတွေ အတော်ကြာအောင် ကျနော်ဟာ ဟန်ချက်ညီတဲ့ကစားနည်းကို ရှာတွေ့အောင် ပြိုင်ပွဲကွင်းထဲကို ပြန်လာနိုင်စေဖို့နဲ့ ကျနော် လိုအပ်နေတဲ့ အဲဒီတင်းနစ်အဆင့်တန်းကို ပြန်ရှာနိုင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာကိုလည်း ကြိုးစားခဲ့ပါတယ်။"

ဂျိုကိုဗစ်ဟာ ၂၀၂၅ မတိုင်ခင် သြစတြေးလျကို ပြန်မလာဖို့ အစပိုင်းက ပိတ်ပင်ခံထားသေးပေမယ့် သီတင်းပတ်အစောပိုင်းမှာ ကင်ဘာရာရှိ အစိုးရသစ်က ဇန်နဝါရီမှာ (၉) ကြိမ်မြောက်သြစတြေးလျ အိုးပင်းချန်ပီယံကို လွတ်လွတ်လပ်လပ်ယှဉ်ပြိုင်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

ဂျိုကိုဗစ်က “အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ကျနော် မသိပေမယ့် ကျနော့်စိတ်ထဲမှာ စွဲနေတဲ့အရာက ဆုဖလားတွေရဖို့ ကြီးမားတဲ့ ဆာလောင်မှုတစ်ခုရှိနေဆဲလို့ ကျနော် သိပါတယ်”လို့ ပြောပါတယ်။

စံချိန်တွေအနဲ့အတူ သူဟာ ATF သမိုင်းမှာ စံချိန်တင် ဆုကြေးငွေပမာဏဖြစ်တဲ့ ဒေါ်လာ ၄.၇ သန်းကို ဆွတ်ခူးခဲ့ပါတယ်။

တူရင်မှာ အနိုင်ရတာဟာ သူ့ရဲ့နောက်ဆုံး ATP Finals အောင်ပွဲအပြီး တနင်္လာနေ့ရဲ့ အဆင့်သတ်မှတ်မှုအသစ်မှာ အဆင့် (၈) ကနေ (၅)နေရာအထိ တက်လာမှာဖြစ်ပါတယ်။ ဒဏ်ရာကြောင့် ဖိုင်နယ်ကို လွဲချော်ခဲ့တဲ့ ကားလို့စ် အယ်လ်ကာရက်ဇ်က နံပါတ်တစ်ဖြစ်ပါတယ်။

“ကျနော့် စိတ်ထဲမှာတော့ ကျနော့်ကိုကျနော် အမြဲတမ်း ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ မြင်ပါတယ်၊ ဒါ့ပေါ့”လို့ ပြောပါတယ်။

"မဟုတ်ပါဘူး၊ ကျနော်က အဆင့် ၅ ပါ။ ဒီတစ်ပတ်တော့ ဖြစ်နိုင်တယ်။ ယေဘုယျအားဖြင့်တော့ အဆင့်သတ်မှတ်ချကျတွေဟာ ဘယ်သူက အကောင်းဆုံးနှစ်ဖြစ်ခဲ့သလဲဆိုတာကို ပြသနေပြီး အယ်လ်ကာရက်ဇ်က ကမ္ဘာ့ နံပါတ် (၁) ပါ။"

ဂျိုကိုဗစ်နဲ့ သူ့အမျိုးသမီးဟာ သူတို့ရဲ့ ရှစ်နှစ်အရွယ်သားနဲ့ ငါးနှစ်အရွယ်သမီးငယ်တို့ကို တူရင်ကို ခေါ်ဆောင်လာခဲ့ပါတယ်။

“ကျနော့်အတွက် အရမ်းထူးခြားပါတယ်”လို့ သူက ဆိုပါတယ်။ "သူတို့နဲ့ ခရီးစဉ်မှာ ဒီလိုအခိုက်အတန့်တွေကို ကျနော် သိပ်ရှိမနေပါဘူး"

"ကျနော့်ကလေးနှစ်ယောက်စလုံး အထူးသဖြင့် ကျနော့်သားကို တင်းနစ်လေ့ကျင့်ရေးကွင်းတွေ၊ သွေးပူလေ့ကျင့်ပွဲတွေ၊ ပွဲစဉ်တွေဆီ အများကြီးခေါ်သွားခဲ့တယ်။ သူ့ အသံကအရမ်းကျယ်လောင်တယ်လို့ ပြောရမယ်။ ကျနော် အရမ်းအံ့သြသွားတယ်။ သူ့အသံကို တစ်ချိန်လုံးကြားနေရတယ်"

"အခုဆိုရင် သူတို့ နှစ်ယောက်လုံး အဖေ ဘာလုပ်နေလဲ ဆိုတာ သိနေပါပြီ"

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required