အာဖဂန်အမျိုးသမီးများ ပိတ်ပင်ကန့်သတ်ချက်များ ထပ်တိုးချမှတ်ခံရမှုအပေါ် စိုးရိမ်ပူပန်ဟု ကုလ ထုတ်ဖော်

အာဖဂန်အမျိုးသမီးများ ပိတ်ပင်ကန့်သတ်ချက်များ ထပ်တိုးချမှတ်ခံရမှုအပေါ် စိုးရိမ်ပူပန်ဟု ကုလ ထုတ်ဖော်

အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးများကို ပန်းခြံများ၊ အားကစားခန်းမများနှင့် အများသုံးရေချိုးခန်းများသို့ မသွားရန် တာလီဘန်တို့ တားမြစ်ပိတ်ပင်လိုက်သည် ဆိုသည့် သတင်းများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင်အဖွဲ့ (UNAMA) က ထုတ်ဖော်လိုက်သည်။

အာဖဂန်နစ္စတန်တွင် အများပြည်သူဆိုင်ရာ နေထိုင်မှု ပုံစံအားလုံးနှင့် အမျိုးသမီးများ ထိတွေ့ ပတ်သက်နိုင်ခွင့်အပေါ် အလေးထားရန် ကုလ မစ်ရှင်အဖွဲ့က တာလီဘန်တို့ကို တိုက်တွန်းသည်။

အာဖဂန်နစ္စတန်ရှိ အများပြည်သူဆိုင်ရာ ပန်းခြံအားလုံးသို့ အမျိုးသမီးများ မသွားရောက်ရန် တာလီဘန်များက ပြီးခဲ့သည့်သီတင်းပတ်တွင် တားမြစ်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရှာရီယာဥပဒေနှင့် ဆန့်ကျင်နေသည့်အတွက် အမျိုးသမီးများ အများသုံး ရေချိုးခန်းများ အသုံးပြုခြင်းအပေါ် ပိတ်ပင်ခဲ့ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

“အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေကို ပန်းခြံတွေ၊ အားကစားခန်းမတွေနဲ့ ရေချိုးခန်း တွေကို မသွားဖို့ တားမြစ်ထားတယ်ဆိုတဲ့ မြေပြင် သတင်းပေးပို့ချက်တွေနဲ့ တာလီဘန်တို့ရဲ့ ထုတ်ပြန်ချက်တွေနဲ့ပတ်သက်လို့ ကုလ မစ်ရှင်အနေနဲ့ အထူးတလည် စိုးရိမ်မိပါတယ်။ အမျိုးသမီးတွေ လူမှုဘဝရဲ့ ပုံစံအားလုံးမှာ ထိတွေ့ပတ်သက်ခွင့်ရဖို့နဲ့ မိန်းကလေးတွေ ပညာသင်ကြားခွင့်ရဖို့ အပါအဝင် အာဖဂန်ပြည်သူအားလုံးရဲ့ အခွင့်အရေးတွေကို ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်” ဟု UNAMA က တွစ်တာတွင် ရေးသည်။

အာဖဂန်နစ္စတန်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လက ပြန်လည်အာဏာရခဲ့သည့် တာလီဘန်တို့က အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများအပေါ် အကွက်ချ တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အတင်းအကျပ် ဖမ်းဆီးပျောက်ကွယ်စေမှုများ အပါအဝင် အကြမ်းဖက်နည်း အသုံးပြုခြင်းတို့ ရှိနေခဲ့ခြင်းကြောင့် အာဖဂန် လူ့အဖွဲ့အစည်းအတွင်း အကြောက်တရားများကို ဖြစ်ပေါ်စေခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly