ဘာလိုချီစတန်ရှိ စစ်သွေးကြွများကို ချေမှုန်းရန် ပါကစ္စတန်က တရုတ်ဒရုန်းများကို အသုံးပြုနေ

ဘာလိုချီစတန်ရှိ စစ်သွေးကြွများကို ချေမှုန်းရန် ပါကစ္စတန်က တရုတ်ဒရုန်းများကို အသုံးပြုနေ

ပါကစ္စတန်စစ်တပ်သည် ဘာလိုချီစတန်မှ ပုန်ကန်သူများကို ချေမှုန်းရန် တရုတ်ထုတ် CH-4B တိုက်ခိုက်ရေး ဒရုန်းများကို အသုံးပြုလျက်ရှိသည်။

ပါကစ္စတန်စစ်တပ်သည် ဘာလိုချီစတန်သူပုန်များကို တိုက်ခိုက်ရန် တိုက်လေယာဉ်များနှင့် လက်နက် တပ်ဆင်ထားသော ရဟတ်ယာဉ်များကို နှစ်အတော်ကြာ အသုံးပြုခဲ့သော်လည်း ယခုအခါ မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ် (UAV) များကို ဆက်တိုက်ဆိုသလို အသုံးပြုလာကြောင်း Eurasian Times က ဖော်ပြခဲ့သည်။

ပါကစ္စတန်သည် ယခုလအစောပိုင်းတွင် ကွန်မန်ဒိုအထူးတပ်ဖွဲ့များနှင့်အတူ မောင်းသူမဲ့ လေယာဉ် (UAVs)၊ တိုက်လေယာဉ်များ၊ လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များအား တပ်ဖြန့်လျက် ဘိုလန်ဒေသမှ ဘာလို့ချ်သူပုန်များကို ထိုးစစ်ဆင်မှု အကြီးအကျယ်ပြုလုပ်ခဲ့ကြောင်း Balochistan Post-English က ဖော်ပြထားသည်။

ပါကစ္စတန်စစ်တပ်သည် ဘာလိုချီစတန်ရှိ ဘိုလန်ကုန်းမြင့်တွင် ဘာလို့ချ်အမျိုးသားရေးဝါဒီများကို တိုက်ခိုက်ရန် ဂျက်လေယာဉ်များ ဖြန့်ကြက်ချထားကြောင်း သတင်းများတွင် ဖော်ပြထားကြသည်။

တရုတ်နှင့် တူရကီတို့သည် ပါကစ္စတန်အတွက် မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်မျိုးစုံကို ထောက်ပံ့ထားကြောင်း Balochistan Post-English ၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

ပါကစ္စတန်အထူးတပ်ဖွဲ့များကို သတ်ဖြတ်ခဲ့ရာ ဘာလိုချီစတန် ဘိုလန်ကုန်းမြင့်ပေါ်၌ တရုတ်ထုတ် CH-4B မောင်းသူမဲ့လေယာဉ်များကို တွေ့ရကြောင်း ပါကစ္စတန်အခြေစိုက် သတင်းများကို ကိုးကား၍ The Eurasian Times ကဖော်ပြခဲ့သည်။ ပါကစ္စတန်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံမှ Cai Hong 4 (Rainbow 4 သို့မဟုတ် CH-4) ဘက်စုံသုံး အလယ်အလတ်အမြင့်ပျံ အချိန်အတော်ကြာပျံသန်းနိုင်သည့် မောင်းသူမဲ့လေယာဉ် (UAVs) ၅ စင်းကို ဝယ်ယူခဲ့သည်။ ပါကစ္စတန်က မည်သို့သော CH-4 ဒရုန်းအမျိုးအစားကို ဝယ်ယူခဲ့သည်ကို ထုတ်ဖော် မပြောဆိုခဲ့ပေ။

သို့သော် CH-4B အမျိုးအစား မောင်းသူမဲ့တိုက်ခိုက်ရေးဒရုန်းများကို ဝယ်ယူသည်ဟု ယူဆရကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

ဂါဒါမြို့ ပါစ်နီရှိ တရုတ်စစ်တပ် တပ်ခွဲသည် ပါကစ္စတန်စစ်တပ်အား CH-4 ဒရုန်းများများ ပျံသန်းရေးတွင် ကူညီပေးကြောင်း စွပ်စွဲပြောဆိုမှုများရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required