စီးပွားရေးအရှိန်လျော့လာသည့် တရုတ်တွင် စက်ရုံထုတ်လုပ်မှုနှင့် လက်လီရောင်းချမှုများ ကျဆင်း

စီးပွားရေးအရှိန်လျော့လာသည့် တရုတ်တွင် စက်ရုံထုတ်လုပ်မှုနှင့် လက်လီရောင်းချမှုများ ကျဆင်း

တရုတ်နိုင်ငံ၏ စက်ရုံထုတ်ကုန်သည် အောက်တိုဘာလတွင် နှေးကွေးလာပြီး လက်လီရောင်းချမှုမှာလည်း ကျဆင်းလာသလို နိုင်ငံသည် ရှည်ကြာလှသော ကိုဗစ်-၁၉ ကန့်သတ်ထိန်းချုပ်မှုများနှင့် အိမ်ခြံမြေကဏ္ဍ ကျဆင်းမှုတို့ကို ရင်ဆိုင်နေရသောကြောင့် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ၏ အရှိန်အဟုန် ဆုံးရှုံးနေသည့် နောက်ဆုံးလက္ခဏာဖြစ်သည်။

အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမှာလည်း ဇန်နဝါရီမှအောက်တိုဘာလအတွင်း ပိုမိုလျင်မြန်သောအရှိန်အဟုန်ဖြင့် ကျဆင်းခဲ့ပြီး တရုတ်နိုင်ငံစီးပွားရေး၏ အဓိကမဏ္ဍိုင်တွင် နောက်ထပ်အားနည်းချက်ကို ညွှန်ပြနေသည်။

စက်မှုလုပ်ငန်းထွက်ကုန်သည် အစောပိုင်းတစ်နှစ်ထက် ၅ ဒသမ ၀ ရာခိုင်နှုန်းသာ မြှင့်တက်ခဲ့ပြီး Reuters စစ်တမ်းတွင် ဖော်ပြခဲ့သော မျှော်မှန်းချက် ၅ ဒသမ ၂ ရာခိုင်နှုန်းနှင့်လွဲချော်ခဲ့ကာ စက်တင်ဘာလက ၆ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ နှေးကွေးလာခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက်ကထုတ်ပြန်သည့် တရားဝင် အချက်အလက် များတွင် ဖော်ပြထားသည်။

လက်လီရောင်းချမှုသည် ရှန်ဟိုင်းမြို့ အသွားအလာပိတ်ဆို့မှုခံခဲ့ရသည့် မေလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

တရုတ်စီးပွားရေးသည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ၊ အိမ်ခြံမြေကဏ္ဍကျဆင်းမှုနှင့် ကမ္ဘာ့စီးပွားရေးထိုးကျမှု အပါအဝင် အခက်အခဲများစွာကို ရင်ဆိုင်နေရသည်။

ကိုဗစ်ကန့်သတ်ချက်အချို့ကို ဖြေလျှော့ရန်နှင့် အိမ်ခြံမြေဈေးကွက်အတွက် ငွေကြေးပံ့ပိုးမှုပေးရန် မကြာသေးမီက လုပ်ဆောင်မှုများသည် စျေးကွက်ကို အထောက်အပံ့ဖြစ်စေသော်လည်း တရုတ်၏ တင်းကျပ်သော ကိုဗစ်မူဝါဒ သည် စီးပွားရေးအခြေအနေအပေါ် ဆက်လက်သက်ရောက်မှုရှိမည်ဟု လေ့လာသူများက မျှော်လင့်ထားကြသည်။

အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ၈ ရာခိုင်နှုန်းကျဆင်းပြီးနောက် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်းတွင် ယခင်တစ်နှစ်ကထက် ၈ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

အစိုးရက အိမ်ရာကုမ္ပဏီများ၏ အလွန်အကျွံငွေချေးငှားမှုကို ကန့်သတ်ရန် ကြိုးစားလာသောအခါ တိုင်းပြည်စီးပွားရေး၏ ၄ ပုံ ၁ ပုံခန့်ရှိသော အိမ်ခြံမြေကဏ္ဍသည် ယခုနှစ်တွင် သိသိသာသာ ကျဆင်းလာသည်။

တရုတ်သည် နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်း ရည်မှန်းချက် ၅ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင်ကို လွဲချော်မည့် အခြေအနေရှိကြောင်း လေ့လာသူများက ပြောသည်။ တရုတ်စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မည်ဟု စီးပွားရေးပညာရှင်များက မျှော်လင့်ထားကြောင်း Reuters စစ်တမ်းတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required