စီးပွားရေးလေဟာနယ်မှ စီးပွားရေးဗဟိုချက်သို့ ပြောင်းလဲပေးမည့် လမ်းမများ

စီးပွားရေးလေဟာနယ်မှ စီးပွားရေးဗဟိုချက်သို့ ပြောင်းလဲပေးမည့် လမ်းမများ

တစ်ချိန်က အာရှ၏ ပျောက်ဆုံးနေသော ကွင်းဆက်အဖြစ်တင်စားခံခဲ့ရသည့် မြန်မာနိုင်ငံတွင် လမ်းများကို အရှိန်အဟုန် နှင့် ဖောက်လုပ်နေပြီဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေး ပါသည့် အသက်သွေးကြောများအဖြစ်နှင့် လမ်းများကို အလျင်စလို ဖောက်လုပ်နေပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနှင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်ရပ်သဘောတူညီမှုတို့ကြောင့်လည်း လမ်းစီမံကိန်း များမှာ ပိုမိုအရှိန်မြင့်လာခဲ့သည်။

အခြားလမ်းစီမံကိန်းများထက်အရင် စတင်ခဲ့သော မြန်မာ- ထိုင်း လမ်းစီမံကိန်းများကြောင့် နှစ်နိုင်ငံအကြား နေ့စဉ်သုံးပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများ ကုန်သွယ်မှုမြင့်တက်လာရုံသာမက တိုင်းပြည်အတွက် အကျိုးရှိနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်ပါ အားပေးမြှင့်တင်ပေး နိုင်ခဲ့သည်။

ပထဝီအနေအထားအရ အချက်အချာကျသည့် နေရာတွင်ရှိနေသော မြန်မာနိုင်ငံသည် အရှိန် အဟုန်နှင့် ဖောက်လုပ်နေ သောလမ်းမများနှင့်အတူ အရှိန်အဟုန်နှင့် တိုးတက်လာရန်လည်း တာစူနေပြီဖြစ်သည်။

မြန်မာနိုင်ငံအရှေ့ပိုင်း၊ ကော့ကရိတ်ခရိုင်အတွင်းရှိ မတ်စောက်သော တောင်ကမ်းပါးယံများ ပေါ်ရှိ နှစ်လမ်းမောင်းလမ်း တစ်လမ်းပေါ်တွင် ကုန်ကားကြီးများမှာ အန္တရာယ်များသည့် အမြန်နှုန်းဖြင့် မောင်းနှင်လျက်ရှိသည်။ ထိုလမ်းသည် ဗီယက်နမ်ရှိ ပစိဖိတ်ဆိပ်ကမ်းမြို့ ဒါနန်မှ လာအို နှင့်ထိုင်းကို ဖြတ်၍မြန်မာနိုင်ငံသို့ ဖောက်လုပ်ထားသော နိုင်ငံတကာလမ်းမကြီးတစ်ခုဖြစ်သည့် အရှေ့-အနောက် စီးပွားရေးစြင်္က ံ၏ နောက်ဆုံးလမ်းပိုင်း ဖြစ်သည်။

ကော့ကရိတ်နှင့် မြဝတီကြားရှိ ကီလိုမီတာ ၅၀ ခန့်ရှည်လျားသော ယင်းလမ်းပိုင်းသည် အခြေ အနေ အလွန်ဆိုးခဲ့ပြီး စီးပွားရေးစြင်္က ံ၏ အဆိုးဆုံးလမ်းပိုင်းအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ထိုင်းနိုင်ငံ ဘက်မှ အစိုးရအနေနှင့်ရော ပုဂ္ဂလိကအနေနှင့် ပါ ထောက်ပံ့မှုများဖြင့် လမ်းလုပ်ငန်းများကို ၂၀၁၂ ခုနှစ်တွင်စတင်ခဲ့ပြီး ပြီးခဲ့သောနွေရာသီက ပြီးဆုံးသွားခဲ့ပြီးသည့် နောက်တွင်မူ လမ်းဖွင့်လှစ်ပြီး တစ်နှစ်မပြည့်မီ အချိန်အတွင်းမှာပင် ထိုလမ်းပိုင်းအသစ်သည် လမ်းမကြီးကို စီးပွားရေးအရ အဓိက အသက်သွေးကြောတစ်ခု ဖြစ်လာအောင် လမ်းကြောင်းဖွင့်ပေးနိုင်ခဲ့သည်။

စစ်အစိုးရခေတ်က ကော့ကရိတ်တွင် ဖောက်လုပ်ခဲ့သော တောင်တက်လမ်းမှာ ကျဉ်းမြောင်း လွန်းပြီး တစ်လမ်းမောင်းအရွယ် သာရှိကာ လမ်းကြောင်းမှာလည်း နေ့စဉ်လိုလို ပြောင်းလဲနေသဖြင့် ကားများမှာ တစ်နာရီ ကီလို ၃၀ ထက်ပိုပြီး မြန်မြန် မောင်း၍မရခဲ့ချေ။

လမ်းအသစ်တွင်မူ ယာဉ်မောင်းများသည် တစ်နာရီ ၈၀ ကီလိုခန့်အထိ မောင်းနှင်နိုင်ကြပြီး ထိုင်းနယ်စပ်သို့ တစ်နာရီပင် မပြည့်မီရောက်အောင် သွားနိုင်နေကြပြီဖြစ်သည်။ ထိုကြာချိန်မှာ ယခင် လမ်းဟောင်းတုန်းကမောင်းနှင်ရသည့် အချိန်၏ ၅ ပုံ ၁ ပုံသာရှိသည်။ ထိုလမ်းမှနေ၍ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ကုန်သွယ်နေသည့် အသက် ၃၀ အရွယ်ကုန်သည် တစ်ဦးက '' လမ်းသစ်က နည်းနည်းခုန်ပေမယ့် အတော်လေးအဆင်ပြေတယ်။ မြဝတီကနေ နေ့ချင်းပြန်လို့ရသွားတော့ စီးပွားရေး အတွက်လည်း ကောင်းသွားတယ် '' ဟု ပြောကြားသည်။

တကယ်တမ်းတွင်လည်း ထိုလမ်းသည် စီးပွားရေးကိုအမှန်တကယ် အထောက်အကူပြုခဲ့ သည်။ ၂၀၁၅ ခုနှစ် ပထမဘဏ္ဍာရေးနှစ်ဝက်ဖြစ်သော ဧပြီမှ စက်တင်ဘာအတွင်းတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှုမှာ ယမန်နှစ်ကထက် ၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ် လာ သန်း ၉၀၀ နီးပါးရှိခဲ့ကာ လမ်းဖွင့်လှစ်ပြီးနောက် စက်တင်ဘာတွင်မူ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်လာချိန်မှစ၍ ထိုင်းနှင့် မြန်မာ ကြား ကုန်သွယ်မှုမှာ ခပ်မှန်မှန် မြင့်တက်လာနေသည်မှာ မှန်သော်လည်း လမ်းသစ်ဖွင့်လှစ်ခဲ့သည့် ၂၀၁၅ ဘဏ္ဍာရေးနှစ်ကုန်ပိုင်းတွင်မူ အမြင့်ဆုံးဖြစ်သွားဖွယ်ရှိနေသည်။ မြဝတီနယ်စပ်မှ ကုန်စည်စီး ဆင်းမှုမှာ စုစုပေါင်း နယ်စပ်ကုန်သွယ်မှုပမာဏ၏ ၃၀ ရာခိုင်နှုန်းအထိရှိနေခြင်းကလည်း ထိုကဲ့သို့ ဖြစ် လာရန် မျှော်မှန်းနိုင်သည့် အကြောင်းရင်းတစ်ရပ်ပင် ဖြစ်သည်။

နှစ်နိုင်ငံကြား အရေးပါသောလမ်းမများထပ်မံဖောက်လုပ်မည့် စီမံကိန်းများလည်း အများအ ပြား ရှိနေသေးသည်။ ပြီးခဲ့သော ဆောင်းဦးမှာပင် မြဝတီ နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကြားတွင် ဒုတိ ယမြောက် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားတစ်စင်း ကို စတင်တည်ဆောက်နေပြီဖြစ်သည်။ ယာဉ်အသွားအလာ ပိုမိုများပြားလာမည်ဟု ခန့်မှန်းထားသည့်အလျောက် ယခု ဒုတိယ တံတားမှာ ပထမတံတားထက် ဝန်ခံနိုင်အားပိုများမည် ဖြစ်သည်။

ရန်ကုန်နှင့် မြဝတီကြားရှိ မြို့တစ်မြို့ဖြစ်သော မော်လမြိုင်မြို့ရှိ တံတား ၃ စင်းကို ပြင်ဆင်ရန် ချေးငွေများတိုးချဲ့ချထားပေး ရန် ဂျပန်နိုင်ငံတကာကော်ပိုရေးရှင်းအေဂျင်စီ က ပြီးခဲ့သောနှစ်က ဆုံးဖြတ်ခဲ့သည်။

ထားဝယ်တွင်မူ ထိုင်းနိုင်ငံတွင် အကြီးဆုံးဆောက်လုပ်ရေးကုမ္ပဏီဖြစ်သော အီတာလျံထိုင်း ကုမ္ပဏီက ထားဝယ်မှ ထိုင်းနိုင်ငံရှိ ကချနာပူရီမြို့ထိပေါက်မည့် ကီလိုမီတာ ၁၅၀ ရှိ လမ်းတစ်လမ်းကို ဖောက်လုပ်သွားမည်ဖြစ်သည်။ ထိုလမ်းသည် အရှေ့တောင်အာရှကိုဖြတ်၍ဖောက်လုပ်ထားသော အပြည်ပြည်ဆိုင်ရာအဓိကလမ်းမကြီး တစ်ခုဖြစ်သည့် တောင်ဘက်စီးပွားရေး စြင်္က ံနှင့်ချိတ်ဆက်သွား မည် ဖြစ်သည်။ ထိုလမ်းပြီးသွားသည့်အခါတွင်လည်း ကော့ကရိတ်လမ်းပိုင်း တုန်းကကဲ့သို့ပင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအပေါ် အကျိုးသက်ရောက်မှုကြီးကြီးမားမား ရှိလာဦးမည် ဖြစ်သည်။

ယခု ဆောက်လုပ်နေသော စီမံကိန်းများမှာ လွန်ခဲ့သောနှစ်အနည်းငယ်ကထိ စိတ်ကူးယဉ်၍ ပင်မရသော စီမံကိန်းများ ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရလက်ထက်က နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှုများကြောင့် ပြည်ပစီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ဝင်ရောက်ရင်းနှီးမြုပ်နှံရန် မဖြစ်နိုင်ခဲ့ ချေ။ ထို့ပြင် အစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကြား တိုက်ပွဲများကြောင့် KNU နှင့် DKBA တို့ထိန်းချုပ်မှုအောက်ရောက်နေသော ကော့ကရိတ်တဝိုက်ရှိ လမ်းများမှာ မကြာခဏ ဖွင့်ချည်၊ ပိတ်ချည် ဖြစ်နေခဲ့သည်။

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်လာပြီး နောက်တွင်မူ အပြောင်းအလဲ များစတင်ဖြစ်ပေါ်လာခဲ့သည်။ သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်းသို့ ပြန်ဆွဲသွင်းခဲ့ ပြီးနောက်တွင် ပြည်ပတိုင်းပြည်များကလည်း တရားဝင်ဖွံ့ဖြိုးရေးအကူအညီများ ပြန်လည်ပေးအပ်လာခဲ့သည်။ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် တို့ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေများရရှိလာသဖြင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းများလည်း ပြန်လည်ပေါ်ထွက်လာခဲ့သည်။

ထို့ပြင် ၂၀၁၃ တွင်  အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုများအပေါ် KNU နှင့် DKBA တို့က ညှိနှိုင်းလိုသည့်သဘောထား ပြလာခဲ့ပြီး ၂၀၁၅ တွင် သမိုင်းဝင်အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးနိုင် ခဲ့သည်။ ကော့ကရိတ်ရှိ စစ်ဆေးရေးဂိတ်များတွင် DKBA တပ်သားများက နေရာယူထားဆဲ ဖြစ်သော်လည်း ယူနီဖောင်းများတွင် နိုင်ငံတော်အလံကိုတွဲဖက်တပ်ဆင်ထားကြကာ ကမ္ဘာလှည့်ခရီး သွားများနှင့် ဓါတ်ပုံများပင်တွဲ၍အရိုက်ခံနေကြပြီ ဖြစ်သည်။ လမ်း၊တံတား စီမံကိန်းသစ်နှင့်အတူ လုံခြုံ ဘေးကင်းသည့် လမ်းပိုင်းများကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာမှာလည်း များစွာပြေလည်လာခဲ့ သည်။

ယခုအခါတွင် လမ်းသစ်ကြီးပေါ်တွင် ကုန်ကားများသည် မြန်မာနိုင်ငံဘက်မှာ စီးပွားရေးတိုး တက်လာမှုအရ ဝယ်လိုအား မြင့်တက်လာနေသော စားသောက်ကုန်များ၊ လူသုံးကုန်များနှင့် ဆောက်လုပ်ရေးသုံး လုပ်ငန်းသုံးပစ္စည်းများကို အပြည့်တင်ဆောင်ကာ မောင်းနှင်လျက်ရှိကြသည်။ ထို့ပြင် ထိုင်းနိုင်ငံတွင် လုပ်အားခကြီးမြင့်မှုပြဿနာရှိနေပြီး မြန်မာနိုင်ငံမှာမူ အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင်လုပ်အားခ အလွန်သက်သာနေသေးရာ အခြေခံအဆောက်အဦများ ကောင်းမွန်လာပြီး လမ်းပန်းဆက်သွယ်ရေးလည်း ချောမွေ့လာမည်ဆိုပါက ထိုင်းနိုင်ငံမှ ကုန်ထုတ်လုပ်သူများသည် မြန်မာနိုင်ငံ၌ စက်ရုံများ ဆောက်လုပ်ရန် စိတ်ဝင်စားလာကြဦးမည် ဖြစ်သည်။

ထိုင်းနိုင်ငံနှင့်နယ်စပ်ရှိ မြဝတီမြို့ပြင်ဘက်နားတွင် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ဦးဆောင် ဆောက်လုပ်သော စက်မှုဇုန်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်တော့မည် ဖြစ်ပြီး ထိုင်းကုမ္ပဏီများက ထိုစက်မှုဇုန်အတွင်းတွင် ရာဘာစက်ရုံ နှင့် အခြားစက်ရုံများပင် စတင်ဆောက်လုပ်နေပြီဖြစ်ရာ အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ထွက်လာမည်ဖြစ်သည်။ ထို့ကြောင့် လမ်းသစ်စီမံကိန်းများ က မြန်မာနိုင်ငံအရှေ့ပိုင် းတစ်ခွင့်လုံးကို စီးပွားရေးအရ အကျိုးအမြတ် ဖြစ်ထွန်းစေမည် ဖြစ်သည်။

နိုင်ငံတကာလမ်းမများ ဖြတ်သန်းဖောက်လုပ်မှုလုပ်ငန်းမှာ မြန်မာနိုင်ငံ အရှေ့ပိုင်းတွင်သာ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ မန္တလေးမှ တရုတ်သို့ ဆက်သွယ်မည့် လမ်းမကြီးနှင့် စစ်ကိုင်းတိုင်း ကိုဖြတ်၍ အိန္ဒိယသို့ ဆက်သွယ်မည့်လမ်းဖောက်လုပ်မှု စီမံကိန်းတို့ကိုလည်း လုပ်ဆောင်နေပြီ ဖြစ်သည်။ ထို့ကြောင့် အိန်နီးချင်းနိုင်ငံများ၏ ထောက်ပံ့ကူညီမှုများနှင့်အတူ မြန်မာ့ နယ်စပ်ဒေသအ သီးသီးမှာ မြဝတီဒေသကဲ့သို့ပင် ဖွံ့ဖြိုးမှုများ ပေါ်ပေါက်လာရန် အခြေအနေကောင်းများ ရှိနေပြီဖြစ် သည်။

ထို့ကြောင့် စစ်အစိုးရအုပ်ချုပ်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်အတွင်း နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် ကင်းကွာခဲ့ကာ အာရှ၏ ပျောက်ဆုံးနေသောကွင်းဆက်ဟု သမုတ်ခံခဲ့ရသော မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယ နှင့် အာဆီယံနိုင်ငံများ ကြား အချက်အချာနေရာတွင် တည်ရှိနေသော ပထဝီအနေ အထားအရ စုစုပေါင်းကမ္ဘာ့လူဦးရေ၏ ထက်ဝက်မျှ ရှိသောလူများအတွက် အဓိကဂိတ်တံခါးတစ်ခု အဖြစ် ဆောင်ရွက်နိုင်လျှက်ရှိရာ လမ်း၊ တံတားများဖောက်လုပ်ပြီးစီးသွား၍ လမ်းပမ်း ဆက်သွယ်ရေး ချောမွေ့လာပါက အာရှ၏ စီးပွားရေး ဗဟိုချက်နိုင်ငံဖြစ်လာရန် အလားအလာကောင်းလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly