အီလွန်မက်စ်က အကောင့်ပြန်ဖွင့်ပေးသော်လည်း တွစ်တာကို ပြန်သုံးရန် စိတ်မဝင်စားဟု ထရမ့်ပြော

အီလွန်မက်စ်က အကောင့်ပြန်ဖွင့်ပေးသော်လည်း တွစ်တာကို ပြန်သုံးရန် စိတ်မဝင်စားဟု ထရမ့်ပြော

နိုဝင်ဘာလ ၂၁ ရက်
 

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အပိတ်ခံထားရသည့် တွစ်တာအကောင့်ကို ပြန်ဖွင့်ပေးကြောင်း တွစ်တာပိုင်ရှင်သစ် အီလွန်မက်စ်က ကြေညာခဲ့သော်လည်း တွစ်တာပေါ် ပြန်လာရန် စိတ်မဝင်စားဟု ထရမ့်က နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားလိုက်သည်။

အကြမ်းဖက်မှုကို သွေးထိုးလှုံ့ဆော်မှုအတွက် ဆိုရှယ်မီဒီယာ ပလက်ဖောင်း တွစ်တာမှ ပိတ်ပင်ခံထားရသည့် ထရမ့်၏ အကောင့်ကို ပြန်ဖွင့်ပေးသင့်၊ မသင့် နှင့်ပတ်သက်ပြီး အီလွန် မက်စ်က သဘောထားစစ်တမ်းတစ်ရပ် ကောက်ခံခဲ့ရာ အများစုက ထရမ့်အကောင့် ပြန်ဖွင့်ပေးရန် ထောက်ခံခဲ့ကြသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး တွစ်တာ အသုံးပြုသူ ၁၅ သန်းကျော်က ပါဝင်ဆန္ဒမဲပေးခဲ့ကြရာ ၅၁ ဒသမ ၈ ရာခိုင်နှုန်းက ထရမ့်အကောင့် ပြန်ဖွင့်ရေးကို ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။

“လူတွေက သူတို့ ဆန္ဒကို ဖော်ပြခဲ့ကြပါတယ်။ ထရမ့် အကောင့်ကို ပြန်ဖွင့်ပါမယ်” ဟု မက်စ်က တွစ်တာတွင် ရေးသည်။

၂၀၂၁ ဇန်နဝါရီ ၈ ရက် အကောင့်အပိတ်မခံရမီက follower ၈၈ သန်းကျော် ရှိခဲ့သည့် ထရမ့်၏ တွစ်တာအကောင့်သည် ယခု ပြန်ဖွင့်ပြီးနောက် follower များ စတင်စုဆောင်းရရှိလာခဲ့ပြီး နိုဝင်ဘာ ၁၉ ရက် ည ၁၀ နာရီမတိုင်မီ follower တစ်သိန်းနီးပါး ရရှိခဲ့သည်။ ပြန်ဖွင့်သည့် ထရမ့် တွစ်တာအကောင့်ကို နိုဝင်ဘာ ၁၉ ရက် ညနေခင်းတွင် follow ပြုလုပ်၍ မရဘဲ ဖြစ်ခဲ့ကြောင်း အသုံးပြုသူတချို့က ထုတ်ဖော်ခဲ့ကြသည်။

သမ္မတဟောင်း ထရမ့်ကမူ တွစ်တာ ပြန်သုံးရန် စိတ်ဝင်စားသည့်ပုံ မပေါ်ဘဲ ရှိနေခဲ့သည်။

ရီပတ်ဘလစ်ကန် ဂျူး ညွန့်ပေါင်းအဖွဲ့ နှစ်ပတ်လည် ခေါင်းဆောင်ပိုင်း အစည်းအဝေးတစ်ခုတွင် အဖွဲ့တစ်ဖွဲ့က ထရမ့်ကို တွစ်တာ ပြန်သုံးရန် အစီအစဉ် ရှိသလားဆိုပြီး ဗီဒီယိုမှတစ်ဆင့် မေးမြန်းရာတွင် သမ္မတဟောင်း ထရမ့်က ‘အဲဒါအတွက် ဘာအကြောင်းပြချက်မှ ကျွန်တော် မမြင်ပါဘူး’ ဟု ပြောသည်။

ထရမ့်က သူ၏ Trump Media & Technology Group (TMTG) က ထုတ်သည့် အက်ပ် တစ်ခုဖြစ်သည့် Truth Social ပလက်ဖောင်းသစ်ကိုသာ ဆက်သုံးမည်ဖြစ်ကြောင်း ပြောသည်။ အဆိုပါ Truth Social သည် အသုံးပြုသူများနှင့် ထိတွေ့ဆက်ဆံမှုပိုင်းတွင် တွစ်တာထက် ပိုကောင်းကြောင်းနှင့် ယင်း အက်ပ်သည် “ထူးထူးခြားခြား ကောင်းစွာ” အလုပ်လုပ်နေကြောင်း ထရမ့်က ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly