ပါကစ္စတန်ရှိ ဂွာဒါဆိပ်ကမ်းက ဒေသခံများအတွက် စီးပွားရေးအကျိုးအမြတ်မရှိဟုဆို

ပါကစ္စတန်ရှိ ဂွာဒါဆိပ်ကမ်းက ဒေသခံများအတွက် စီးပွားရေးအကျိုးအမြတ်မရှိဟုဆို

တရုတ်က ငွေကြေးထောက်ပံ့ထားသော ပါကစ္စတန်ရှိ ဂွာဒါဆိပ်ကမ်းသည် စီးပွားရေးအလုံးစုံပြောင်းရန် ကတိပြုထားသော်လည်း သီးခြားဆိပ်ကမ်းတည်ဆောက်မှုအဖြစ်သို့ပြောင်းသွားကာ စီးပွားရေး အကျိုးအမြတ်များကိုလည်း ဒေသခံများ မခံစားရကြောင်း နယူးယောက်အခြေစိုက်သတင်းဝက်ဘ်ဆိုက် The China Project က ဖော်ပြသည်။

ဂွါဒါဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ ရန်ပုံငွေဖြင့် တည်ဆောက်နေသည်မှာ ၇ နှစ်ကျော်ပြီဖြစ်သော်လည်း အဆိုပါဒေသတွင် နေထိုင်သူများသည် ခြံစည်းရိုးခတ်ထားသော ဆိပ်ကမ်းပြင်ပတွင် ၎င်းတို့ဘဝအတွက် အကျိုးခံစားခွင့် သို့မဟုတ် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုကို မမြင်တွေ့ရပေ။

ဂွါဒါမှ လူမှုရေးတက်ကြွလှုပ်ရှားသူ နာဆာရာဟင်ဆူရာဘီက “လူငယ်မျိုးဆက်က တရုတ်ငွေဟာ ဂွါဒါကို ဒူဘိုင်း ဒါမှမဟုတ် စင်္ကာပူလို ပြောင်းလဲပေးနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်အိပ်မက်ကို လွန်ခဲ့တဲ့ နှစ် ၂၀ လောက် ကတည်းက မက်လာကြတာပါ။ ဒါပေမယ့် ဒီကနေ့ သူတို့မြင်တွေ့ရတဲ့အရာက သူတို့ရဲ့ မျှော်လင့်ချက်ကို တစ်စစီဖြစ်စေခဲ့ပါတယ်” ဟု ဆိုသည်။

ဒေသခံများသည် မြို့တွင်း၌သွားလာရန် ကန့်သတ်ချက်များနှင့် လုံခြုံရေးစစ်ဆေးမှုများကို ရင်ဆိုင်နေရပြီး တစ်မြို့လုံးသည် လုံခြုံရေးဇုန်ထဲသို့ရောက်ရှိနေကြောင်း ဆူရာဘီက ဆိုသည်။

ဂွါဒါဆိပ်ကမ်းတောင်ဘက်နားရှိ ကုန်းမြင့် ကိုအီဘာတီသည် ပင်လယ်ပြင်ကြည့်ရှုရန် လူအများအပြား လာရောက်လေ့ရှိသည်။ “ ဆောက်လုပ်ရေးမစခင်က ဒေသတွင်းကဧည့်သည်တွေဟာ အပန်းဖြေဖို့အတွက် ဒီကို လာလေ့ရှိကြပါတယ်။အခုတော့ လုံခြုံရေးစစ်ဆေးရေးဂိတ်အများအပြားကို မဖြတ်ဘဲ ဝင်လို့မရတော့ပါဘူး” ဟု ဆူရာဘီက ပြောသည်။

ဆိပ်ကမ်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးရေးလုပ်ဆောင်ပုံသည် ဒေသခံများကို နစ်နာစေသည်ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

ဆိပ်ကမ်းစတင်ဆောက်လုပ်စဉ်က ကနဦးအစီအစဉ်မှာ ဒေသခံများကို နေရာပြန်ချပေးရန် ဖြစ်သော်လည်း ဂွါဒါဆိပ်ကမ်းအာဏာပိုင်များသည် ယခုနှစ် စက်တင်ဘာလအထိ ရွှေ့ပြောင်းပေးခြင်းမရှိသေးပေ။ နိုင်ငံခြားသား အစုလိုက်အပြုံလိုက်ဝင်ရောက်လာသောကြောင့် ဒေသခံများက လူနည်းစုဖြစ်လာမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly