ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းကို လုပ်ကြံမည့် အထမမြောက်သော ကြိုးပမ်းမှုဖြစ်စဉ်က စစ်တပ်ကို အကျဉ်းအကြပ် ဖြစ်ပေါ်စေ

By Islam Khabar
20 November 2022
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းကို လုပ်ကြံမည့် အထမမြောက်သော ကြိုးပမ်းမှုဖြစ်စဉ်က စစ်တပ်ကို အကျဉ်းအကြပ် ဖြစ်ပေါ်စေ
Photo: EPA

ပါကစ္စတန်နိုင်ငံတွင် မကြာသေးခင်က ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကို လုပ်ကြံရန် ကြိုးပမ်းသည့် ဖြစ်စဉ်ကြောင့် နိုင်ငံရေးအရ သတ်ဖြတ်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ပြန်လည် ထွက်ပေါ်လာစေခဲ့သည်။

အဆိုပါနိုင်ငံတွင် ယခင်အတိတ်က ဝန်ကြီးချုပ်ဟောင်းများ ဖြစ်ကြသည့် ဘန်နာဇီယာ ဘူတိုနှင့် လီယာကွတ် အလီ ခန်းတို့ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များအတွက် နိုင်ငံ၏ ဩဇာကြီး စစ်တပ်သည် ပြစ်တင်ခံထားရသည်။

စစ်တပ်အဖွဲ့အစည်းအပေါ် ဝေဖန်သည့် နိုင်ငံရေးသမားများကို အသံတိတ်စေရန် လုပ်ဆောင်သည့် လုပ်နည်းလုပ်ဟန်က နှစ်များစွာကြာသည့်တိုင် မပြောင်းမလဲဘဲ ဆက်ရှိနေဆဲဆိုသည်ကို သတိပြုရမည် ဖြစ်သည်။

ဘူတို လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် အစ္စလမ္မစ် အကြမ်းဖက်အဖွဲ့ တီရစ်-အီ-တာလီဘန် ပါကစ္စတန်အပေါ် အပြစ်ပုံချခဲ့သော်လည်း ယခုတစ်ကြိမ် အီမရန် ခန်းကို တိုက်ခိုက်သူက ဘာသာရေး အကြောင်းတရားများကြောင့် ယခုလုပ်ရပ်ကို ကျူးလွန်ခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

သို့သော် အီမရန် ခန်းက သူ၏ အသက်ကို လုပ်ကြံရန် ကြိုးပမ်းမှု၏ နောက်ကွယ်တွင် ထောက်လှမ်းရေးအေဂျင်စီ (ISI) အကြီးတန်းအရာရှိ ဗိုလ်ချုပ် ဖိုင်ဆဲလ် နက်ဆီရာနှင့်အတူ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်နှင့် ပြည်ထဲရေး ဝန်ကြီး ရာနာ ဆာနာအူလာတို့ ရှိနေကြောင်း နာမည်တပ် စွပ်စွဲထားသည်။

ယခုဖြစ်စဉ်ကြောင့် ပါကစ္စတန်တွင် အရပ်ဖက် မငြိမ်မသက်ဖြစ်မှုကိုပါ ပျံ့နှံ့ပေါ်ပေါက်စေခဲ့ပြီး စစ်တပ်အဖွဲ့အစည်းအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

အီမရန် ခန်းက သူ့အား လုပ်ကြံရန် ကြိုးပမ်းမည့် အစီအစဉ်ကို ပါကစ္စတန် ထောက်လှမ်းရေးအေဂျင်စီများအတွင်းရှိ အဆက်အသွယ်များမှတစ်ဆင့် တင်ကြို သိရှိထားခဲ့ကြောင်း မကြာသေး ခင်က CNN သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောသည်။ သူ့အား လုပ်ကြံရန် ကြိုးပမ်းသူ အများစုသည် နိုင်ငံတွင် ဖြစ်ပျက်နေသည့် အခြေအနေများကြောင့် တုန်လှုပ်ခြောက်ခြားနေသူများ ဖြစ်ကြောင်း ခန်းက ပြောသည်။

လွန်ခဲ့သည့် ၂ လခန့်အကြာက ဘာသာရေးစော်ကားမှု ကျူးလွန်သည်ဆိုပြီး သူ့အား စွပ်စွဲထားသော ဗီဒီယိုတစ်ခုကို အေဂျင်စီတစ်ခုက ဖြန့်ခဲ့ကြောင်း၊ သူ၏ နိုင်ငံရေး အတိုက်အခံများက ထိုဗီဒီယိုကို ထပ်ဆင့် ဝေမျှခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် သူ့အား ပစ်မှတ်ထားသည့် “စီစဉ်ထားသော ကိစ္စတစ်ခု” ရှိနေခဲ့သည်ဟု ပြောခဲ့ခြင်း ဖြစ်ကြောင်း အီမရန် ခန်းက ပြောသည်။

သူသည် နိုင်ငံရေး အတိုက်အခံများအပေါ် အထောက်အထား မခိုင်လုံသည့် စွပ်စွဲမှုများ ပြုလုပ်ခြင်း၊ ချဲ့ကားပြောဆိုခြင်းတို့အတွက် လူသိများသည်။ ယခုအခါ အီမရန် ခန်း ကိုယ်တိုင်သည်လည်း သူ၏ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်နေရပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly