ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အကြမ်းဖက်မှုများ မြင့်တက်မှုအပေါ် ကန့်ကွက်ဆန္ဒပြ

By Latestly
20 November 2022
ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် အကြမ်းဖက်မှုများ မြင့်တက်မှုအပေါ် ကန့်ကွက်ဆန္ဒပြ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်၏ မျိုးနွယ်စု ဒေသတစ်ခုတွင် နိုဝင်ဘာ ၁၃ ရက်က လူရာနှင့်ချီ စုဝေးချီတက်ခဲ့ကြပြီး ဒေသတွင် အကြမ်းဖက်မှုများ မြင့်တက်နေမှုအပေါ် ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ သက်ဆိုင်ရာ အာဏာပိုင်တို့ဘက်က ဒေသတွင် ငြိမ်းချမ်းမှု ပြန်လည်ရရှိရေး လုပ်ဆောင်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

အဆိုပါ ငြိမ်းချမ်းသော ချီတက်ဆန္ဒပြပွဲကို တောင်ပိုင်း ဝါဇီရစ္စတန်ခရိုင် ဝါနာမြို့မှ ဝါနာ စီယာစီ အစ်တီဟတ် (WSI) အဖွဲ့က စီစဉ်ခြင်း ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ဆန္ဒပြချီတက်ပွဲတွင် ဒေသခံ ရာချီအပြင် ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ၊ ဂျမတ်-အီ-အစ္စလမ္မီ နှင့် အခြားသော နိုင်ငံရေးပါတီများမှ ပါတီဝင်များလည်း ပူးပေါင်း ပါဝင်ခဲ့ကြသည်။

ဒေသတွင် လက်နက်ကိုင်အဖွဲ့များကို ပိတ်ပင်တားဆီးရေး၊ အကြမ်းဖက်ဝါဒ ခေါင်းထောင်လာမှုကို ထိန်းချုပ် ကိုင်တွယ်ရေး၊ ပြန်ပေးဆွဲ ငွေညှစ်မှုများ ပပျောက်စေရေး၊ လူသိများသော ပက်ရှ်တွန် ခေါင်းဆောင် အလီ ဝါဇီယာ ပြန်လည်လွတ်မြောက်ရေး၊ ပြည်သူများ၊ ကန်ထရိုက်တာများနှင့် ကုန်သည်များအတွက် ဘေးကင်းလုံခြုံမှု ပံ့ပိုးပေးရေး ဆန္ဒပြသူများက တောင်းဆိုခဲ့ကြကြောင်း Dawn သတင်းစာက ဖော်ပြသည်။

လက်ရှိအချိန်အထိ မည်သည့် အစိုးရကိုယ်စားလှယ်ကမှ ဆန္ဒပြသူများနှင့် လာရောက်ညှိနှိုင်းခြင်း မရှိသေး ကြောင်းနှင့် အကယ်၍ မိမိတို့၏ တောင်းဆိုချက်များကို အာဏာပိုင်များဘက်က ဖြည့်ဆည်းမပေးပါက နိုဝင်ဘာ ၂၀ ရက်တွင် နောက်ထပ် ဆန္ဒပြပွဲတစ်ခုကို လုပ်ဆောင်မည် ဖြစ်ကြောင်း WSI အဖွဲ့ဝင် ဆာအိဒ် ဝါဇီရာက Dawn သတင်းစာကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly