အာဖဂန်အမျိုးသမီးများကို ပန်းခြံများနှင့် အားကစားရုံများသို့ မသွားရန် တာလီဘန်တို့ ပိတ်ပင်ခြင်းအပေါ် အီးယူ ဝေဖန်

By ANI
20 November 2022
အာဖဂန်အမျိုးသမီးများကို ပန်းခြံများနှင့် အားကစားရုံများသို့ မသွားရန် တာလီဘန်တို့ ပိတ်ပင်ခြင်းအပေါ် အီးယူ ဝေဖန်
Photo: EPA

အာဖဂန်နစ္စတန်တွင် အမျိုးသမီးများ၏ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုအပေါ် တာလီဘန်တို့ ပိတ်ပင်ကန့်သတ်မှုများ ထပ်တိုး လုပ်ဆောင်ခြင်းကို ဥရောပသမဂ္ဂ (အီးယူ) က ပြစ်တင်ဝေဖန်လိုက်သည်။ တာလီဘန်တို့ ထပ်မံ ကြေညာလာသည့် စည်းမျဉ်းများအရ အမျိုးသမီးများကို အများပြည်သူဆိုင်ရာ ပန်းခြံများနှင့် အားကစားခန်းမများသို့ မသွားရောက်ရန် ပိတ်ပင်ထားသည်။

“အာဖဂန်အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ အခွင့်အရေးအပေါ် တာလီဘန်တို့ အကြီးအကျယ် ချိုးဖောက်ထားတဲ့အပြင် အခု ဒီလိုမျိုး ပိတ်ပင်ကန့်သတ်မှုတွေ ထပ်လုပ်တာက တာလီဘန်တို့ရဲ့ မူလ ကတိကဝတ်တွေနဲ့ ဆန့်ကျင်နေပါတယ်။ အာဖဂန်မိန်းကလေးတွေဟာ အလယ်တန်းကျောင်းပညာ သင်ယူခွင့်လည်း ဆက်လက် ပိတ်ပင်ခံထားရတယ်။ အာဖဂန် အမျိုးသမီးတွေဟာ ခရီးသွားလာမှုနဲ့ သွားလာ လှုပ်ရှားမှုမှာလည်း ကန့်သတ်ပိတ်ပင်မှုတွေနဲ့ ရင်ဆိုင်နေရသလို လူမှုဘဝနဲ့ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ကဏ္ဍ အများစုကနေလည်း ဖယ်ထုတ်ခံထားတယ်” ဟု အဖွဲ့ဝင် ၂၇ နိုင်ငံပါ အီးယူအုပ်စုက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်သည်။

နိုင်ငံတကာ ဥပဒေ၊ အထူးသဖြင့် လူ့အခွင့်အရေး၊ ဒုက္ခသည်နှင့် လူသားချင်းစာနာမှု ဥပဒေအောက်ရှိ လိုက်နာရမည့် ဝတ္တရားများအတိုင်း လိုက်နာရန် အီးယူက တာလီဘန်တို့ကို တိုက်တွန်းသည်။ ထို့ပြင် အာဖဂန် ပြည်သူအားလုံး၏ အခြေခံ လွတ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာရန် အီးယူက တာလီဘန်တို့ကို တိုက်တွန်းသည်။

အာဖဂန်နစ္စတန်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လက အာဏာပြန်ရခဲ့သည့် တာလီဘန်တို့သည် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများအပေါ် အကွက်ချ တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အတင်းအကျပ် ဖမ်းဆီးပျောက်ဆုံးစေမှုများ အပါအဝင် အကြမ်းဖက်နည်းလမ်း အသုံးပြုခြင်းတို့ကို လုပ်ဆောင် ထားခြင်းကြောင့် အာဖဂန် လူ့အဖွဲ့အစည်းအတွင်း အကြောက်တရားများ ဖြစ်ပေါ်စေခဲ့သည်။

တာလီဘန်တို့၏ နာမည်ဆိုးဖြင့် ကျော်ကြားသော အကျင့်သီလ စင်ကြယ်ရေးနှင့် မကောင်းမှုဒုစရိုက် တားဆီးရေး ဝန်ကြီးဌာန၏ ယခုနောက်ဆုံး ထုတ်ပြန်လာသော အမိန့်ညွှန်ကြားချက်အရ အာဖဂန် အမျိုးသမီးများ ကဘူးလ်ရှိ ပန်းခြံများသို့ သွားရောက်လည်ပတ်ခြင်းအပေါ် တားမြစ်ထားကြောင်း TOLO news က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly