အာဖဂန်၌ ဖမ်းဆီးခံထားရသည့် အမျိုးသမီး အခွင့်အရေးခုခံကာကွယ်သူများကို ပြန်လွှတ်ပေးရန် တောင်းဆို

By The Print
20 November 2022
အာဖဂန်၌ ဖမ်းဆီးခံထားရသည့် အမျိုးသမီး အခွင့်အရေးခုခံကာကွယ်သူများကို ပြန်လွှတ်ပေးရန် တောင်းဆို

အာဖဂန်နစ္စတန်နိုင်ငံတွင် မကြာသေးခင်က တာလီဘန်တို့က လူသိများသည့် အမျိုးသမီး လူ့အခွင့်အရေး ခုခံကာကွယ်သူ ၃ ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းခဲ့မှုအပေါ် လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြစ်တင်ဝေဖန်လိုက်သည်။

တာလီဘန်တို့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်က အမျိုးသမီး လူ့အခွင့်အရေး ခုခံကာကွယ်သူ ဇာရီဖာ ယာကွတ်ဘီနှင့် လုပ်ဖော်ကိုင်ဘက်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ မြို့တော် ကဘူးလ်၌ “အာဖဂန် အမျိုးသမီးများ တန်းတူညီမျှအခွင့်အရေးရရှိရေး လှုပ်ရှားမှု” ထူထောင်ကြောင်း ကြေညာခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အဆိုပါ အမျိုးသမီး အခွင့်အရေး ခုခံကာကွယ်သူများ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

အရေအတွက် ဒါဇင်နှင့်ချီသော တာလီဘန်များသည် အခမ်းအနား ကျင်းပရာ နေရာကို အင်အားသုံးဝင်ရောက်ကာ ပွဲပျက် လုပ်ဆောင်ခဲ့ကြပြီး ယင်းနေရာတွင် ရောက်ရှိနေသူအားလုံး၏ ဖုန်းများထဲမှ ဓာတ်ပုံများ၊ ဗီဒီယိုများကိုလည်း ဖျက်ပစ်ခဲ့ကြောင်း သိရသည်။

“အာဖဂန်နစ္စတန်မှာ အမျိုးသမီး လူ့အခွင့်အရေး ခုခံကာကွယ်သူတွေကို ဖမ်းဆီးနေတာတွေက တာလီဘန်တို့ရဲ့ ဖိနှိပ်တဲ့ မူဝါဒတွေအပေါ် ဆန့်ကျင်မှုတွေ၊ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုပုံစံအားလုံးကို နှိမ်နင်းတဲ့ နောက်ထပ် ကြိုးပမ်းမှုတစ်ခုပဲ ဖြစ်တယ်။ တာလီဘန်တို့ရဲ့ မူဝါဒတွေဟာ အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ အခွင့်အရေးတွေ အပါအဝင် လူ့အခွင့်အရေးအပေါ် အကြီးအကျယ် ချိုးဖောက်နေတယ်” ဟု Amnesty International ၏ တောင်အာရှဆိုင်ရာ စည်းရုံးလှုံ့ဆော်သူတစ်ဦးဖြစ်သည့် ဆမ်မီရာ ဟာမီဒီက ထုတ်ပြန်ချက် တစ်ရပ်တွင် ပြောသည်။

အဆက်မပြတ်ဖြစ်ပေါ်နေသည့် ဖိနှိပ်မှုစနစ်တစ်ခုတွင် ယင်းကဲ့သို့သော ဖမ်းဆီးမှုများက ထိတ်လန့် ကြောက်ရွံ့မှုနှင့် လက်တုံ့ပြန်မှု အခြေအနေကို ပိုမို မြင့်တက်စေမည်မှာ သေချာကြောင်း သူမက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required