မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ရွေးကောက်ပွဲအရှုံးနှင့် ကြုံတွေ့

မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ရွေးကောက်ပွဲအရှုံးနှင့် ကြုံတွေ့

နိုဝင်ဘာလ ၂၀ ရက်

မလေးရှားနိုင်ငံ၏ ဝါရင့်ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်သည် နိုဝင်ဘာ ၁၉ ရက်က နှစ်ပေါင်း ၅၃ နှစ်တာအတွင်း ၎င်း၏ ပထမဆုံးသော ရွေးကောက်ပွဲအရှုံးကို ရင်ဆိုင်ကြုံတွေ့လိုက်ရသည်။

ယခု ရွေးကောက်ပွဲ ရှုံးနိမ့်မှုက မဟာသီယာ၏ ဆယ်စုနှစ် ခုနစ်စုကြာ နိုင်ငံရေးဖြတ်သန်းမှုကာလ၏ အဆုံးသတ်ကို ဖြစ်စေနိုင်သည့် ထိုးနှက်ချက်တစ်ခု ဖြစ်သည်။

မလေးရှားတွင် ဆယ်စုနှစ် နှစ်စုကျော်အတွင်း ဝန်ကြီးချုပ်ရာထူးကို နှစ်ကြိမ် ထမ်းဆောင်ခဲ့သည့် အသက် ၉၇ နှစ်ရှိ မဟာသီယာသည် လန်ကာဝီကျွန်း မဲဆန္ဒနယ်ရှိ ၎င်း၏ ပါလီမန်အမတ်နေရာကို ရယူနိုင်ခြင်း မရှိဘဲ လက်လွှတ်လိုက်ရသည်။ ကိုယ်စားလှယ်လောင်းငါးဦး ပါဝင်ယှဉ်ပြိုင်သော အဆိုပါ မဲဆန္ဒနယ် အမတ်နေရာ ရွေးကောက်ပွဲတွင် မဟာသီယာသည် စတုတ္ထနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။

အဆိုပါ အမတ်နေရာကို အခြား ဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်သည့် မူဟစ်ဒင် ယက်ဆင် ဦးဆောင်သော Perikatan ညွန့်ပေါင်းအဖွဲ့မှ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် မိုဟစ် ဆူဟိုင်မီ အဗ္ဗဒူလာက အနိုင်ရသွားခဲ့သည်။

ယင်းသည် မဟာသီယာအတွက် ၁၉၆၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ရှုံးနိမ့်ခြင်းလည်း ဖြစ်သည်။

လက်ရှိ Barisan Nasional အစိုးရကို အကျင့်ပျက်ခြစားမှု စွဲချက်ဖြင့် ဖြုတ်ချမည်ဟု ကြုံးဝါးထားသော ညွန့်ပေါင်းအဖွဲ့တစ်ခုကို မဟာသီယာက ဦးဆောင်နေခြင်း ဖြစ်သည်။

သို့သော် ၎င်း၏ မဟာမိတ်အဖွဲ့သည် ရွေးကောက်ပွဲတွင် အဓိက ယှဉ်ပြိုင်ဘက်တစ်ဖွဲ့အဖြစ် ရှုမြင်ခြင်း မခံရသလို Barisan သည် မူဟစ်ဒင် ယက်ဆင်၏ အုပ်စုအပြင် မဟာသီယာ၏ ကာလကြာပြိုင်ဘက် အန်ဝါ အီဘရာဟင် ဦးဆောင်သော အခြားအုပ်စုတို့နှင့် ရင်ဆိုင်နေရသည်။

အကယ်၍ ရွေးကောက်ပွဲ ရှုံးနိမ့်ပါက နိုင်ငံရေးမှ အနားယူမည်ဟု မဟာသီယာက ယခုလထဲတွင် ရိုက်တာကို အင်တာဗျူးတစ်ခုတွင် ပြောသည်။

“ကျွန်တော့် အသက် ၁၀၀ လောက်အထိ နိုင်ငံရေးလောကမှာ ဆက်ပြီး တက်တက်ကြွကြွ ပါဝင်နိုင်ဖို့ ကျွန်တော့်ကိုယ်ကျွန်တော် မထင်ပါဘူး” ဟု သူက ပြောသည်။ “အရေးအကြီးဆုံးကတော့ ကျွန်တော့်အတွေ့အကြုံတွေကို ပါတီရဲ့ လူငယ်ခေါင်းဆောင်တွေဆီ လက်ဆင့်ကမ်းပေးဖို့ပဲဖြစ်တယ်” ဟု မဟာသီယာက ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly