ကျောက်မီးသွေးသုံးစွဲမှု စွန့်လွှတ်ရန် တရုတ်သမ္မတအပေါ် ဖိအားများ ဆက်ရှိနေ

By ANI
20 November 2022
ကျောက်မီးသွေးသုံးစွဲမှု စွန့်လွှတ်ရန် တရုတ်သမ္မတအပေါ် ဖိအားများ ဆက်ရှိနေ
Photo: EPA

တရုတ်သမ္မတ ရှီကျင့်ဖျင် ၂၇ ကြိမ်မြောက် ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညီလာခံ(CoP27) သို့ မတက် ရောက်ခြင်းက ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကို တိုက်ဖျက်ရေးတွင် ညှိနှိုင်းမှုများကို အားနည်းစေကြောင်း ဂျပန်ပိုင်ကုမ္ပဏီပိုင် ဗြိတိန်သတင်းစာ Financial Times က ဖော်ပြလိုက်သည်။

တရုတ်သည် ကမ္ဘာပေါ်တွင်ကာဗွန်ဒိုင်အောက်ဆိုက် အများဆုံးထုတ်လွှတ်နေသလို ကျောက်မီးသွေးကို အမြောက်အများဆက်လက်အသုံးပြုနေသည်။

ကမ္ဘာလူဦးရေအများဆုံးနိုင်ငံ၏ ခေါင်းဆောင်ရှီသည် အဆိုပါအစည်းအဝေးသို့ တက်ရောက်မည် မဟုတ်ကြောင်း ပွဲစီစဉ်သူများက ကြိုတင်အတည်ပြုပြောကြားထားသည်။

တရုတ်က ဂျီဒီပီတစ်ယူနစ်ခြင်းစီ၏ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအတွက် ၂၀ဝ၅ ခုနှစ်ထုတ်လွှတ်မှုနှင့် နှိုင်းယှဉ်ပါက ၂၀၃၀ပြည့်နှစ်တွင် ၃ ပုံ ၂ပုံလျှော့ချရန် ကတိပြုထားသည်။

၂၀၆၀ ပြည့်နှစ်နောက်ဆုံးထားပြီး ကာဗွန်ဟန်ချက်ညီရေးအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သုညနီးပါးအထိ လျှော့ချရမည် ဖြစ်သည်။

ယင်းရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် တရုတ်က ဈေးပေါသော စွမ်းအင်ထုတ်လုပ်ရေးဖြစ်သည့် ကျောက်မီးသွေးကို စွန့်လွှတ်ရမည်ဖြစ်သည်။

သို့သော် တရုတ်၏ ရေတိုငွေကြေး ဖောင်းပွမှုနှင့် စွမ်းအင်တည်ငြိမ်မှုပြဿနာများကို တုံ့ပြန်မှုသည် ယင်း၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကတိကဝတ်များအပေါ် တစ်ဆစ်ချိုးပြောင်းလဲနိုင်ကြောင်း တရုတ်သုတေသန လုပ်ငန်း Rhodium Group ၏ ဒါရိုက်တာ ဆိုဖီလျှိုက ပြောကြားခဲ့သည်ဟု Financial Times က ဖော်ပြခဲ့သည်။

နိုင်ငံတကာရာသီဥတုဆိုင်ရာအဖွဲ့က စိတ်ပျက်နေတာက ၂၀၂၀ ပြည့်နှစ်ကစပြီး တရုတ်က ကျောက်မီး သွေးစက်ရုံအသစ်တည်ဆောက်တာတွေ လုံးဝရပ်မသွားတာပါ” ဟု သူမက ဆိုသည်။

"တရုတ်က စောစောစီးစီး ကျောက်မီးသွေးစက်ရုံအသစ် လျှော့ပြီး ဆောက်သင့်တယ်ဆိုတာ တရားမျှတတဲ့ ဝေဖန်မှုတစ်ခုပါ။ ဒါပေမယ့် ကျွန်မတို့ သတိထားရမှာက ရှီက ဒါကို ဘယ်တုန်းကမှ ကတိမပေးခဲ့ဘူး။ အဲဒါက ဘယ်တုန်းကမှ အစီအစဉ်တစ်ခု ဖြစ်မလာခဲ့ပါဘူး" ဟုလည်း ဆိုဖီလျှိုက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required