ယူကရိန်းစစ်ပွဲကို APEC အဖွဲ့ဝင်နိုင်ငံအများစု ရှုတ်ချ 

ယူကရိန်းစစ်ပွဲကို APEC အဖွဲ့ဝင်နိုင်ငံအများစု ရှုတ်ချ 

နိုဝင်ဘာလ ၁၉ ရက်

ယူကရိန်းအား ကျူးကျော်စစ်နှင့် ပတ်သက်ပြီး နိုင်ငံတကာ ဖိအားများတွင် အာရှ-ပစိဖိတ် ခေါင်းဆောင်များကပါ ၎င်းတို့ အသံများကို စနေနေ့၌ ပါဝင်လာစေပြီး စစ်ပွဲကို “အများစု”က ရှုတ်ချကြောင်း ဖော်ပြသည့် ထိပ်သီးအစည်းအဝေး ထုတ်ပြန်ချက်ကို ထုတ်ပြန်လာခဲ့သည်။ 

ဘန်ကောက်တွင် တစ်ရက်နှင့် နေ့တစ်ဝက် ဆွေးနွေးပွဲများ ကျင်းပပြီးနောက်တွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်မှ အဖွဲ့ဝင် ၂၁ နိုင်ငံသည် ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး စစ်ပွဲနှင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်း ဖြစ်ရမှုတို့ကို ဝေဖန်ခဲ့ကြသည်။ 

အစည်းအဝေး၏ ကြေညာချက်ကို ရုရှနှင့် ကျူးကျော်စစ်အတွက် ရုရှကို လူသိရှင်ကြား ဝေဖန်မှု မရှိသည့် တရုတ်တို့အပါအဝင် APEC အားလုံးက သဘောတူကြသော်လည်း ကြေညာချက်၌ သံတမန်ရေးရာ မရေရာမှုများ ပါရှိနေသည်။ 

“အခြေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေအပေါ် အခြား အမြင်သဘောထားတွေနဲ့ ကွဲပြားတဲ့ အကဲဖြတ်ချက်တွေလည်း ရှိနေယ်”ဟု ယင်း ကြေညာချက်၌ ဆိုသည်။ 

ယခု APEC အဖွဲ့၏ ထုတ်ပြန်ကြေညာချက်သည် အဖွဲ့၏ အမည်ကို အစားထိုးခြင်းမှလွဲ၍ အင်ဒိုနီးရှားတွင် ပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေးအပြီး ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် ဂျီ-၂၀ အဖွဲ့၏ ကြေညာချက်နှင့် စကားလုံးတိုင်း တူနေသည်။ 

APEC ၏ ထုတ်ပြန်ချက်၌ စစ်ပွဲကြောင့် “လူသားရင်းမြစ် ခံစားရမှုများ”၊ စီးပွားရေး ဖွံ့ဖြိုးမှုကို သက်ရောက်မှုများ၊ ငွေကြေးဖောင်းပွမှု၊ ဈေးကွက်ကွင်းဆက်၊ စွမ်းအင်နှင့် စားနပ်ရိက္ခာ ဖူလုံမှုတို့အပေါ် သက်ရောက်မှုများကို မီးမောင်းထိုး ဖော်ပြထားသည်။ 

လာမည့်နှစ် APEC ၏ ဥက္ကဋ္ဌတာဝန်အား အမေရိကန်သို့ မလွှဲပြောင်းမီ “အောင်မြင်စွာ” ဆုံးဖြတ်ချက် ချနိုင်ခြင်းအတွက် ထိပ်သီးအစည်းအဝေး အိမ်ရှင်ဖြစ်သူ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ကြိုဆိုဂုဏ်ပြုခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly