မန်းရွှေစက်တော် ဂေါပကအဖွဲ့ နှင့် မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ၊ အမတ်များ တွေ့ဆုံပွဲ ဂေါပကဥက္ကဋ္ဌ မတက်ရောက်

မန်းရွှေစက်တော် ဂေါပကအဖွဲ့ နှင့် မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ၊ အမတ်များ တွေ့ဆုံပွဲ ဂေါပကဥက္ကဋ္ဌ မတက်ရောက်

မင်းဘူး၊ မတ် ၄။ ။ မကွေးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် မင်းဘူး-စကုမြို့နယ် ရွှေစက်တော်ဘုရားပွဲတော်တွင် ဘုရားဖူးနှင့်ဒေသခံများ အဆင်ပြေစေရေးအတွက် မန်းရွှေစက်တော်ဂေါပကအဖွဲ့နှင့် သွားရောက်ဆွေးနွေးရာတွင် ဂေါပကဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးသည် ယင်းတွေ့ဆုံပွဲသို့ တက်ရောက်လာခဲ့ခြင်းမရှိကြောင်း မကွေးတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က မတ်လ(၄)ရက်တွင် မဇ္ဈိမသို့ ပြောသည်။

ရွှေစက်တော်ဘုရားပရဝဏ်တွင် ဂေါပကဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များနှင့်တွေ့ဆုံရန် မင်းဘူး-စကုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က လွန်ခဲ့သည့် တစ်ပတ်ခန့်းက အကြောင်းကြားခဲ့သော်လည်း မတ်လ ၃ရက် တွေ့ဆုံပွဲတွင် မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ဂေါပက ဥက္ကဋ္ဌလည်းဖြစ်သူ ဦးသိန်းဇော်က မတက်ရောက်ခြင်းဖြစ်သည်။ 

"လွှတ်တော်ဥက္ကဋ္ဌဆိုတာ အစိုးရအဖွဲ့နဲ့ တန်းတူပဲ။ ဝန်ကြီးချုပ်ပြီးရင် လွှတ်တော်မှာ ဥပဒေပြုရေးနယ်ပယ်မှာ အကြီးဆုံးပုဂ္ဂိုလ်ပဲ။အဲဒီလွှတ်တော်ဥက္ကဋ္ဌကြီးက ဒေသခံနဲ့ဘုရားဖူးပြည်သူတွေ အကျိုးအတွက် ဖိတ်ခေါ်မှုကို သူက တက်ရောက်လာခြင်းမရှိဘူး။ဘာကြောင့်တက်ရောက်မလာဘူးဆိုတာတော့ သူ့တာဝန်၊ သူ့အပိုင်းပဲ။ ဒါနဲ့ပတ်သတ်ပြီး ဘာမှမှတ်ချက်ပေးစရာ မရှိပါဘူး။ကျွန်တော်တို့က ဆုံးမသြဝါဒပေးဖို့ လာတာမဟုတ်ဘူး။ ဝင်ရောက် စွက်ဖက်ဖို့ လာခဲ့တာမဟုတ်ဘူး။ ဆောင်ရွက်တဲ့ကိစ္စတွေမှာ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီညွတ်သလားဆိုတာ လေ့လာဖို့ပဲ။" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောသည်။

တွေ့ဆုံပွဲ၌ တည်းကျောင်းများကို မည်သည့်မူနှင့် မည်သို့သော ပုဂ္ဂိုလ်များကို ချပေးခြင်း၊ တံတားကြေး၊ လမ်းကြေးကောက်ခံခြင်း ကိစ္စ၊ လုပ်ငန်းတင်ဒါများ၊ အများပြည်သူစိတ်ချမ်းသာစွာ ဘုရားလာဖူးနိုင်ရန် ဂေါပကအဖွဲ့မှ ဆောင်ရွက်ထားမှုများကို တိုင်းလွှတ်တော် ဥက္ကဋ္ဌက မေးမြန်းခဲ့သည်။ 

"တင်ဒါနဲ့ ပတ်သက်တာတွေ၊ လုပ်ငန်းလေလံရရှိတာတွေကို (၅)ရက်နေ့မှာ လွှတ်တော်ကို ကျွန်တော်ကနေတစ်ဆင့် လုပ်ငန်းလေလံရရှိသူတွေ တင်ဒါစည်းကမ်းနဲ့အညီ ရှိမရှိဆိုတဲ့အချက်ကို တင်ပြတဲ့စာရင်းဇယားကြည့်သွားမယ်။ နောက်တစ်ခုက လျှပ်စစ်မီးနဲ့ပတ်သက်လို့ ရွှေစက်တော်မှာ (၂)ရက်တိတိ မီးပျက်သွားတဲ့ကိစ္စကိုလည်း အဓိက ထောက်ပြခဲ့တယ်။" ဟု လွှတ်တော်ကိုယ်စားလှယ ်ဦးနေမျိုးကျော်က ပြောသည်။

ထို့ပြင် တည်းကျောင်းခဈေးနှုန်းကြီးမြင့်မှုများ၊ လမ်းတံတားနှင့် ပွဲတော်ဝင်ကြေးကောက်ခံမှုများ၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးကိစ္စရပ်များနှင့် ဂေါပကအဖွဲ့၏ စည်းမျဉ်းဥပဒေအားနည်းမှုများကို ထောက်ပြဆွေးနွေးခဲ့သည်။

"နှစ်ပေါင်းများစွာ အစဉ်လာဆိုးတွေနဲ့ ဖြစ်ခဲ့တဲ့ ရွှေစက်တော်ဘုရားပွဲခင်းကျင်းမှုနှင့် ပတ်သက်လို့ ဒီလိုနှစ်မျိုးမှာ အပြောင်းအလဲကို ကျွန်တော်တို့က လိုလိုလားလားကြိုးပမ်းသော်လည်းပဲ တာဝန်ရှိသူတွေကတော့ ဒီဟာကို ကြိုးပမ်းဖို့ ဝန်လေးနေတာ တွေ့ရတယ်။ဒီအတွက် ကျွန်တော်တို့ကတော့ ဘယ်သူ့မျက်နှာကိုမှမထောက်ဘဲ ဘုရားဖူးမိဘပြည်သူနဲ့ ဘုရားပွဲတော်ကြီးရဲ့ဂုဏ်သိက္ခာ အကျိုးစီးပွားအတွက် ကျန်ရှိတဲ့ဘုရားပွဲ ရက်(၄၀)အတွင်းမှာ အပြောင်းအလဲကိုမလုပ်ရင် ဒီထက်ပိုပြီးတော့မှ တွန်းအားပါတဲ့ ဆောင်ရွက်ချက်တွေကို ဖြစ်စဉ်အပေါ် စောင့်ကြည့်လုပ်ဆောင်သွားမယ်။ အမှားအယွင်းရှိရင် အမှားအယွင်းရှိတဲ့သူတွေ ကိုယ့်ဖာသာခံနိုင်ရည်ရှိဖို့ လိုမယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း ဂေါပကအဖွဲ့က အကူအညီတောင်းခံလာရင် ပူးပေါင်းဆောင်ရွက်မယ်။ ဖြည့်စွက်ကူညီသွားမယ်။" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ထပ်မံဖြည့် စွက် ပြောကြားသည်။

မန်းရွှေစက်တော်ဘုရားကြီးတွင် မတ်လ ၃ရက် နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သော ယင်းတွေ့ဆုံပွဲကို တိုင်းလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်(၆)ဦး တက်ရောက်ခဲ့ပြီး ရွှေစက်တော်ဂေါပကအဖွဲ့ဘက်မှ ဂေါပကဥက္ကဋ္ဌမှအပ အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly