ပြန်လည်ထူထောင်ရေးစီမံကိန်းလုပ်ငန်း အဆင့် (၁) ကို အပစ်ရပ်ကရင်နယ်မြေများ၌ စတင်

ပြန်လည်ထူထောင်ရေးစီမံကိန်းလုပ်ငန်း အဆင့် (၁) ကို အပစ်ရပ်ကရင်နယ်မြေများ၌ စတင်
ဓာတ်ပုံ-မြန်မာ့အလင်း

ရန်ကုန်၊ မတ်လ ၄ ရက် ။ ။ ကရင်တိုင်းရင်းသားအပစ်ရပ်အဖွဲ့များနှင့် နီပွန်ဖောင်ဒေးရှင်း၊ ကရင်ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့အကြား ပြန်လည်ထူထောင်ရေးလုပ်ငန်းဆိုင်ရာစာချုပ်ကို မတ်လ ၂ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် နီပွန်ဖောင်ဒေးရှင်းမှ တာဝန်ယူအကောင်အထည်ဖော်မည့် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးစီမံကိန်းလုပ်ငန်း အဆင့် (၁) စတင်ခြင်းကို ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ KNU ၊ KNU/KNLA-PC ၊ DKBA ပြန်လည်ထူထောင်ရေးပူးတွဲကော်မတီတို့နှင့် ရေးထိုးကြခြင်းဖြစ်သည်။

စုစုပေါင်းငွေကျပ် ၉၀၉၈ သန်း (ကန်ဒေါ်လာ ၇ ဒသမ ၃ သန်း) တန်ဖိုးရှိ ပြန်လည်ထူထောင်ရေးစီမံကိန်းလုပ်ငန်း အဆင့် (၁) ကို KNU အဖွဲ့နှင့် KNU/ KNLA-PC (မဲလဒေသ) အဖွဲ့၏ နယ်မြေများတွင် အကောင်အထည်ဖော်ကြမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၄ ရက် မြန်မာ့အလင်းက ဖော်ပြသည်။

KNU ၏ သထုံ၊ မြိတ်ထားဝယ်နှင့် ဒူးပလာယာခရိုင်တို့တွင် နေအိမ် အလုံး ၁၂၀၀ အပါအဝင် စာသင်ကျောင်း၊ ဆေးပေးခန်းများဆောက်လုပ်မည်ဖြစ်ပြီး၊ ရေတွင်း၊ ဆိုလာပြား၊ ပရိဘောဂများလည်းပါဝင်သည်။ KNU/ KNLA-PC (မဲလဒေသ) ၌လည်း နေအိမ်အလုံး ၅၀ ဆောက်လုပ်မည်ဖြစ်သည်။

လက်မှတ်ရေးထိုးကြသည့် အဆင့် (၁) စတင်ခြင်း ကျင်းပပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက၊ KNU ဥက္ကဌ စောမူတူးစေးဖိုး၊ ဂျပန်သံရုံးမှ ဒုတိယသံအမတ်ကြီး မစ္စတာမာဂူရာမ၊ ခေတ္တကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောဝင်းထိန်တို့က ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့်ဆိုင်သည့် အမှာစကားများပြောကြားကြသည်။

ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင် ကလည်း နယ်မြေအတွင်း လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေအရပ်ရပ်နှင့် ရှေ့အစီအစဉ်များကို တင်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags