ကချင်သမိုင်း၊ စာပေယဉ်ကျေးမှုတို့ ဖော်ထုတ်ခဲ့သူ သိက္ခာတော်ရ ဒေါက်တာ မရန်ဂျာဂွန်း ကွယ်လွန်

ကချင်သမိုင်း၊ စာပေယဉ်ကျေးမှုတို့ ဖော်ထုတ်ခဲ့သူ သိက္ခာတော်ရ ဒေါက်တာ မရန်ဂျာဂွန်း ကွယ်လွန်
(ဓာတ်ပုံ - ကေဘီစီဖေ့စ်ဘုတ်)

ချင်းမိုင်၊ မတ်လ ၄ ။              ။ ကချင်အမျိုးသားများအတွက် ဘာသာရေး၊ နိုင်ငံရေး၊ ကချင်သမိုင်း၊ စာပေနှင့် ယဉ်ကျေးမှုများ လေ့လာဖော်ထုတ်ခဲ့သူ သိက္ခာတော်ရ ဒေါက်တာ မရန်ဂျာဂွန်း၏ ကွယ်လွန်ခြင်းသည် ကချင်တစ်မျိုးသားလုံးအတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် အကြံပေးနေသူ အသက် ၇၀ နှစ် သိက္ခတော်ရ ဒေါက်တာမရန်ဂျာဂွန်းသည် ကာလရှည်ကြာ ဆီးချိုရောဂါ ခံစားနေရပြီး ဖေဖော်ဝါရီလ၂၉ ရက်က လိုင်ဇာမြို့ရှိ သူ၏ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။

ဒေါက်တာ မရန်ဂျာဂွန်းကွယ်လွန်ခဲ့ခြင်းကြောင့် ကချင်အမျိုးသားများအတွက် မျိုးချစ်စိတ်ဓါတ်မြင့်တင်ပေးခြင်း၊ ကချင့်သမိုင်းနှင့် ရိုးရာနှင့် ပတ်သက်၍ အမြဲတမ်း အမှတ်ရစရာ ဖြစ်နေသည်ဟု KIO ဗဟိုကော်မတီဝင် အရပ်ဘက်အရာရှိ ဆလန်ကမ္ဘား ဒွဲပီဆာက ပြောသည်။

“သူက ကချင်အမျိုးသားတွေရဲ့ သမိုင်းနဲ့ပတ်သက်တာတွေ၊ ကျနော်တို့ဌာနဆိုင်ရာက ကျောင်းသားတွေကို ဟောပြောတယ်။ ကချင့်သမိုင်းကို သူက တာဝန်ယူနေတဲ့သူဖြစ်တယ်။ သူက သမိုင်းကို သက်သေအထောက်အထားတွေနဲ့ သင်ကြားတာ၊ သက်သေ ပြနိုင်တယ်။ နစ်နာတာက အများကြီးပါပဲ။ သူလိုလူမျိုးက ရှိတော့ ရှိမယ်ထင်တယ်။ ဒါပေမဲ့ ခုထိ ရှာမတွေ့သေးဘူး။ ဆုံးရှုံးမှုက အများကြီးရှိတယ်။

ကချင်လွတ်လပ်ရေး အဖွဲ့(KIO)အတွက်လည်း အားကိုးရသူ ဒေါက်တာမရန် ဂျာဂွန်း၏ ရုပ်ကလပ်ကို မတ်လ ၁ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့သို့ မသယ်ဆောင်မီ လိုင်ဇာမြို့တွင် KIO က ဈာပနာ ဆုတောင်းပွဲ အခမ်းအနား ကျင်းပပေးခဲ့ကာ သူ၏ ရုပ်ကလပ်ကို လိုင်ဇာမြို့မှ မြစ်ကြီးနားမြို့သို့ သယ်ဆောင်ရန် နမ်ဆန်ယန်ကျေးရွာအနီးထိ KIO ခေါင်းဆောင်များ ကိုယ်တိုင် သွားရောက် ပို့ဆောင်ပေးခဲ့သည်။

ညနေပိုင်းတွင် မြစ်ကြီးနားမြို့ သို့ ရောက်ရှိလာကာ နောင်နန်း ကချင်ဓမ္မတက္ကသိုလ်(KTC) AD 2000 ခန်းမတွင် ဒေါက်တာမရန်ဂျာဂွန်း၏ ရုပ်ကလပ်ကို ထားရှိကာ မတ်လ ၂ ရက် နံနက် ၁၀ နာရီတွင် ဈာပနာ ဆုတောင်းပွဲ ကျင်းပ၍ ဂျော်ဘွမ် သုသာန်တွင် မြေမြှုပ် သဂြိုလ်ခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားသို့ လူထု ၃၀၀၀ ကျော်က သွားရောက် ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ဒေါက်တာ မရန်ဂျာဂွန်း ကွယ်လွန်ခြင်းသည် ကချင်အမျိုးသားများအားလုံးအတွက် ကျဆုံးမှုကြီးတစ်ခုဖြစ်သလို၊ ကချင် အနာဂတ် လူငယ်များအား နစ်န်ာဆုံးရှုံးမှုကြီး တစ်ခုဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ ဘာသာရေးကဆိုရင်လည်း ဘာသာရေးသင်းအုပ်ဆရာကြီး၊ နောက်ပြီးတော့ ကချင် အမျိုးသားရေးသမိုင်းတွေ အားလုံးကို လေ့လာဖော်ထုတ်ပြီးတော့ သင်ကြားပေးနေတဲ့ ဆရာကြီးဖြစ် တယ်။ နိုင်ငံရေးဘက်မှာလည်း ဒီနေ့သွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာလည်း သူက အကြံပြုပေးတယ်။ တော်တော်အားကိုးရတဲ့ ဆရာကြီးဖြစ်တယ်။ သူလို ထက်မြတ် ထူးချွန်တဲ့ ဆရာကြီး တယောက် ကွယ်လွန်သွားတယ်ဆိုတော့ ကချင်လူထုအသိုင်းအဝိုင်းအတွက် အများကြီး နစ်နာမှုရှိတယ်။ ကချင်တမျိုးသားအားလုံး ဝမ်းနည်းကြတယ်”ဟု သူက ပြောသည်။

အစိုးရနှင့် KIO တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာပြီးနောက် ကချင်အမျိုးသားများအတွက် KIO ကို အကြံပေးမှုများ ဆောင်ရွက်နေသူလည်း ဖြစ်ခဲ့သည်ဟု သိရသည်။

ကချင်မျိုးနွယ်စု၏ သမိုင်းကို ရှာဖွေဖော်ထုတ်ကာ လူငယ်များအား ဟောပြောသင်ပြခြင်း၊ လူငယ်များကို စည်းလုံးညီညွတ်ရန်၊ ဘာသာစကား ယဉ်ကျေးမှုများ ထိန်းသိမ်းရန် အမြဲသင်ကြားပို့ချခဲ့သည့် ဆရာတစ်ဦးလည်း ဖြစ်သည်။

သူသည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)တွင် နှစ်ပေါင်း ၃၀ ကျော်ကြာ ဘုရားအမှုတော် တာဝန်ထမ်းဆောင်ခဲ့ရာမှ ကချင် အမျိုးသားရေးအတွက် ကချင်အမျိုးသားရေးနှင့် စည်းလုံးညီညွတ်မှု ရရှိရေးအတွက် နိုင်ငံတကာ ရောက်ရှိနေသော ကချင်အမျိုးသားများအား သွားရောက် တွေ့ဆုံကာ ဘာသာရေး၊ ကချင့်သမိုင်း၊ စာပေနှင့် ယဉ်ကျေးမှုများကို လက်ဆင့်ကမ်း ဟောပြောနေပြီး KIO သမိုင်း၊ ပင်လုံစာချုပ် သမိုင်းများကို ဟောပြောနေသူလည်း ဖြစ်သည်။

သူ၏ လုပ်ဆောင်မှုများထဲတွင် မမေ့နိုင်ဆုံးသည် ကချင်သမိုင်းအား ဖော်ထုတ်ခြင်း၊ ကချင်စာပေနှင့် ရိုးရာများ လေ့လာ ဖော်ထုတ်၍ လူငယ်များအား သင်ကြားပေးခြင်း ဖြစ်ပြီး သူ့လို ဆရာတစ်ပါး ကွယ်လွန်ခြင်းသည် အနာဂတ်လူငယ်များအတွက် နစ်နာမှုကြီး တစ်ခုဖြစ်သည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားနေချိန် ကချင်အမျိုးသားများအား သွားရောက် အားပေးခြင်း၊ ကျောင်းသားလူငယ်များ၏ ချစ်ခင်လေးစားမှုကို ခံရသူဖြစ်ပြီး ကချင်လူငယ် အများအပြားကိုလည်း နိုင်ငံရေးနှင့် မျိုးချစ်စိတ်ဓါတ်များ သိရှိနားလည်လာစေရန် ကိုယ့် လူမျိုးအတွက် မားမားမတ်မတ် ရပ်တည်နိုင်ရန်အတွက် မွေးထုတ်ပေးနိုင်သူလည်း ဒေါက်တာ မရန်တန်ဂွန်း၏ ကိုယ်ရေးသမိုင်းတွင် ဖော်ပြထားသည်။

သူသည် ကချင့်အနာဂတ်အတွက် လူငယ်များကို ဘာသာရေးနှင့် ရိုးရာဓလေ့နှင့် မျိုးချစ်စိတ်ဓါတ် ရှိရန် ပညာရေး ဟောပြောနေသူလည်း ဖြစ်သည်။ ဘာသာတရားကိုင်းရှိုင်းပြီး ဝိဉာဉ်ခေါင်းဆောင်၊ ကချင်အမျိုးသားခေါင်းဆောင်နှင့် မျိုးချစ် စိတ်ဓါတ်နှင့် ရဲရဲဝံ့ဝံ့ပြောဆိုကာ စိတ် သဘောထားကြီးသူလည်း ဖြစ်သည်ဟု သိရသည်။

သူကွယ်လွန်ချိန်တွင် ဇနီး လဇိန်လုအောင်နှင့် သမီး ဆရာမ ဂျာထွယ်ပန်၊ သားဖြစ်သူ ဦးမွန်ဒိန်းတို့ ကျန်ရစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly