ထိုင်ဝမ်ကို တိုက်ခိုက်ပါက ရုရှားကျူးကျော်စစ်ကဲ့သို့ တရုတ်အတွက် အမှားအယွင်းဖြစ်လိမ့်မည်ဟု အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီး ပြောကြား

ထိုင်ဝမ်ကို တိုက်ခိုက်ပါက ရုရှားကျူးကျော်စစ်ကဲ့သို့ တရုတ်အတွက် အမှားအယွင်းဖြစ်လိမ့်မည်ဟု အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီး ပြောကြား

ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား ဗျူဟာမြောက်ပြိုင်ဆိုင်မှုများ ဆက်လက် ပြင်းထန်နေချိန်တွင် ထိုင်ဝမ်ကို တိုက်ခိုက်ခြင်းသည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက် အမှားတစ်ခုဖြစ်လိမ့်မည်ဟု အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာ့ခ်မစ်လီက နိုဝင်ဘာ ၁၆ ရက်တွင် ပြောသည်။

"ရေလက်ကြားကိုဖြတ်ပြီး ထိုင်ဝမ်ကို တိုက်ခိုက်သိမ်းပိုက်မှုဟာ ခက်ခဲတဲ့အလုပ်တစ်ခုပါ။ ထိုင်ဝမ်ဟာ တောင်ထူထပ်တဲ့နေရာအများစုရှိတဲ့ ကျွန်းဖြစ်လို့ အလွန်ခက်ခဲတဲ့ စစ်ရေးရည်မှန်းချက်တစ်ခုပါ။ တရုတ်အတွက် စွန့်စားမှုတွေများမှာဖြစ်ပြီး အမြော်အမြင်မရှိတဲ့ ပထဝီဝင်နိုင်ငံရေးအမှားနဲ့ ပူတင် ယူကရိန်းကို ကျူးကျော်ခဲ့သလိုမျိုး ဗျူဟာမြောက်တဲ့ အမှားမျိုးလည်း ဖြစ်ပါလိမ့်မယ်”ဟု ဗိုလ်ချုပ်ကြီး မစ်လီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်အခြေအနေနှင့်ပတ်သက်ပြီး လုပ်ဆောင်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် ခုခံရန် ပြင်ဆင်ရေး ကူညီပေးရာတွင် ယူကရိန်းစစ်ပွဲမှ သင်ခန်းစာယူစရာများရှိကြောင်းလည်း မစ်လီကပြောသည်။

အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးက တရုတ်နိုင်ငံကို အရှိန်အဟုန်ရလာသော ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်လျက် တရုတ်သည် ရာစုနှစ်အလယ်ပိုင်းတွင် နံပါတ် ၁ အင်အားကြီးနိုင်ငံဖြစ်လာစေရေးရည်မှန်းချက်ကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း ပြောသည်။

“အခုအချိန်မှာ လူတွေရဲ့ဝေဖန်မှုတွေရှိနေပေမယ့် အမေရိကန်စစ်တပ်ဟာ ခြွင်းချက်မရှိ ကမ္ဘာပေါ်မှာ စစ်အတိုက်နိုင်ဆုံး ယန္တရားစက်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး ။ အမေရိကန်စစ်တပ်က နံပါတ် ၁ ဖြစ်နေပြီး နံပါတ် ၁ အနေနဲ့ ဆက်ရှိနေဖို့ ရည်ရွယ်ထားပါတယ်။ တရုတ်က အမေရိကန်စစ်တပ်ထက် ပိုကောင်းတဲ့ စစ်တပ်ဖြစ်လာမှာ မဟုတ်ပါဘူး" ဟု မစ်လီကဆိုသည်။ အမေရိကန်စစ်တပ်က လွှမ်းမိုးနေသရွေ့ အမေရိကန်နှင့် တရုတ်အကြား အင်အားကြီးစစ်ပွဲကို ဟန့်တားနိုင်ကြောင်းလည်း ဗိုလ်ချုပ်ကြီး မစ်လီက ပြောကြားခဲ့သည်။

တရုတ်သည် အမေရိကန်အတွက် အကြီးမားဆုံး ပထဝီဝင်နိုင်ငံရေး ခြိမ်းခြောက်မှုဖြစ်ပြီး ကမ္ဘာ့နံပါတ် ၁ အင်အားကြီးနိုင်ငံဖြစ်ရေး ရည်ရွယ်ချက်အတွက် အရှက်အကြောက်မရှိကြောင်းနှင့် အမေရိကန်အနေဖြင့် ထိုသို့ အဖြစ်ခံမည်မဟုတ်ကြောင်း မစ်လီက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required