တရုတ်၏ လုပ်ရပ်ကြောင့် သီရိလင်္ကာအနေဖြင့် IMF ချေးငွေ ၂ ဒသမ ၉ ဘီလီယံကို လက်လွှတ်ရနိုင်

တရုတ်၏ လုပ်ရပ်ကြောင့် သီရိလင်္ကာအနေဖြင့် IMF ချေးငွေ ၂ ဒသမ ၉ ဘီလီယံကို လက်လွှတ်ရနိုင်

သီရိလင်္ကာနိုင်ငံ ကန်ဒီမြို့တွင် ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲတစ်ခု၌ မူဝါဒရေးရာစင်တာ (CPA) မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါက်ကာ ပါကီဆိုသီဆာရာဝါနာမူတူးက ကြွေးမြီကတိကဝတ်ပြင်ဆင်ရေး အဆိုပြုချက်အပေါ် တရုတ်လိုက်လျောလိုစိတ်မရှိခြင်းကြောင့် သီရိလင်္ကာသည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံချေးငွေကို လက်လွှတ်ရဖွယ်ရှိသည်ဟု သတင်းထောက်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများကို ပြောသည်။

သီရိလင်္ကာအကြွေးတင်နေသော ဂျပန်၊ တရုတ်၊ အိန္ဒိယနှင့် ဥရောပသမဂ္ဂနိုင်ငံတို့က ကြွေးမြီပြင်ဆင်ချက်အပေါ် သဘောတူညီမှသာ ထိပ်ပိုင်းအဆင့်သဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

သီရိလင်္ကာက IMF ထံချဉ်းကပ်ပြီး ချေးငွေပိုပေးရန် တောင်းဆိုမှုကို တရုတ်က သဘောမကျကြောင်း ဒေါက်ကာ ပါကီဆိုသီဆာရာဝါနာမူတူးက ပြောသည်။

တရုတ်က ကြွေးမြီကတိကဝတ်ပြန်လည်ပြင်ဆင်ရန် သဘောတူပါက IMF သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ သို့မဟုတ် ဖေဖော်ဝါရီတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံကို ထုတ်ပေးမည်ဖြစ်သော်လည်း တရုတ်က

သဘောမတူပါက သီရိလင်္ကာသည် IMF အုပ်ချုပ်ရေးအဖွဲ့နှင့် နောက်တစ်ကြိမ်တွေ့ဆုံမည့် ၂၀၂၃ ခုနှစ် မတ်လအထိ စောင့်ရမည်ဟု CPA အမှုဆောင်ဒါရိုက်တာက ပြောသည်။ သီရိလင်္ကာသည် ထိုကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကို မဖြစ်မနေပေးရဦးမည်ဖြစ်သည်။

နိုင်ငံသားများသည် ခေါင်းဆောင်များကို အခွင့်အာဏာပေးကာ အလွဲသုံးစားခွင့်ပြုထားသောကြောင့် တိုင်းပြည်ကြုံနေရသည့်အရှုပ်အထွေးအတွက် နိုင်ငံရေးသမားများကိုချည်း အပြစ်မတင်သင့်ကြောင်းနှင့် အခြေအနေ ပိုမိုတိုးတက်ကောင်းမွန်စေရန် ပြည်သူများတွင်လည်း တာဝန်ရှိကြောင်း ဒေါက်ကာ ပါကီဆိုသီဆာရာဝါနာမူတူးက ပြောသည်။

သမ္မတ ရာဂျာပက်ဆာကို ဖယ်ရှားပြီးသော်လည်း တိုင်းပြည်၏ အဓမ္မလုယူခံထားရသော စည်းစိမ်ဥစ္စာများကို မည်သို့ ပြန်လည်ရယူမည် သို့မဟုတ် တိုင်းပြည်အတွက်ရှိသင့်သည့် အုပ်ချုပ်မှုပုံစံကို မည်သို့ဖော်ဆောင်မည်ကို မသိရှိကြောင်း ၎င်းက ထောက်ပြသည်။ တစ်ကမ္ဘာလုံးတွင် လူထုဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သော်လည်း နိုင်ငံရေး အထက်တန်းလွှာ သို့မဟုတ် စစ်တပ်လက်ထဲသို့ အာဏာပြန်လည်ရောက်ရှိသွားကြသည်ဟု ဒေါက်ကာ ပါကီဆိုသီဆာရာဝါနာမူတူးက ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required