မလေးရှား MH17 လေယာဉ် ပစ်ချခံရမှုအတွက် လူ ၃ ဦးကို မျက်ကွယ်၌ ထောင်ဒဏ်တစ်သက် ချမှတ်

မလေးရှား MH17 လေယာဉ် ပစ်ချခံရမှုအတွက် လူ ၃ ဦးကို မျက်ကွယ်၌ ထောင်ဒဏ်တစ်သက် ချမှတ်
Photo - AFP

November 18

၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံပေါ် ဖြတ်ကျော်ပျံသန်းစဉ် ပစ်ချခံခဲ့ရသည့် မလေးရှား လေကြောင်းလိုင်း MH17 လေယာဉ်ကိစ္စနှင့်ပတ်သက်ပြီး နယ်သာလန်တရားရုံးတစ်ခုက နိုဝင်ဘာ ၁၇ ရက်တွင် လူသုံးဦးကို မျက်ကွယ်တွင် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်လိုက်သည်။

Boeing 777 လေယာဉ် ရုရှလုပ် ဒုံးကျည်တစ်စင်းဖြင့် ပစ်ချခံခဲ့ရ၍ လေယာဉ်ပေါ်ပါ လူ ၂၉၈ ဦးစလုံး သေဆုံးခဲ့ရသည့် ဖြစ်စဉ်တွင် ရုရှနိုင်ငံသားများဖြစ်ကြသော အီဂေါ် ဂီရာကင်၊ ဆာဂေး ဒက်ဘင်စကီးနှင့် ယူကရိန်းနိုင်ငံသား လီယိုနစ် ခါချန်ကို တို့ သုံးဦးတွင် အပြစ်ရှိကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိပြီးနောက် ၎င်းတို့ကို မျက်ကွယ်၌ ထောင်ဒဏ်တစ်သက် ချလိုက်ခြင်း ဖြစ်သည်။ စတုတ္ထမြောက် သံသယရှိသူကိုမူ တရားရုံးက တရားသေလွှတ်ပေးခဲ့သည်။

ယခု စီရင်ချက်ချမှတ်မှုက နိုင်ငံရေးအရ အရင်းခံသည့် မတော်တလျော် ဆုံးဖြတ်ချက်အဖြစ် ရုရှက ဝေဖန်သည်။ တစ်ချိန်တည်းမှာပင် ရုရှ၏ ကျူးကျော်စစ်ကို ရင်ဆိုင်တိုက်ခိုက်နေရသည့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ယခု စီရင်ချက်ချမှတ်မှုကို “အရေးကြီး” သည့် ဆုံးဖြတ်ချက်ဟု ချီးကျူးသည်။

လေယာဉ် ပစ်ချခံရမှုကိစ္စအပေါ် နှစ်နှစ်ခွဲကြာ တရားရုံးစစ်ဆေးမှု ပြီးစီးမှုအတွက် ကမ္ဘာတစ်ဝန်းမှ ရောက်လာကြသည့် မိသားစုများဖြင့် ပြည့်နေခဲ့သော တရားခွင်တစ်ခုအတွင်း စီရင်ချက်များကို ဖတ်ပြချိန် MH17 လေယာဉ်ပေါ်ပါ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများ မျက်ရည်ဝဲခဲ့ကြသည်။

“အထောက်အထား ခိုင်လုံတဲ့ စွဲချက်တွေက ဖြစ်နိုင်သမျှ အမြင့်ဆုံး ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်သင့်တဲ့အထိ ကြီးလေးတယ်လို့ တရားရုံးက ဆုံးဖြတ်ပါတယ်” ဟု အကြီးအမှူး တရားသူကြီး ဟန်းဒရစ် စတင်းန်ဟွစ်က ပြောသည်။

“ဒီလို ပြစ်ဒဏ်တွေ ချမှတ်တာက နာကျင်ခံစားရမှုတွေကို ပြေပျောက်စေနိုင်မှာ မဟုတ်ပေမယ့် ဒီဖြစ်ရပ်မှာ ဘယ်သူတွေမှာ အပြစ်ရှိတယ်ဆိုတာကို ပြတ်ပြတ်သားသား ပြသနိုင်ခဲ့တယ်လို့ မျှော်လင့်ပါတယ်”

သို့သော် ယခု ပြစ်ဒဏ်ချမှတ်ခံရသူများကို ရုရှက တရားခံလွှဲအပ်ရန် ငြင်းဆန်သည့်အတွက် တရားခွင်တွင် သံသယရှိသူများ ရှိနေခဲ့ခြင်း မရှိပေ။

ရုရှသည် “လူသတ်သမားများကို ပုန်းအောင်းခွင့် ပေးထားသည်” ဟု ဩစတြေးလျက နိုဝင်ဘာ ၁၈ ရက်တွင် စွပ်စွဲသည်။

“ခု စီရင်ချက်ချခံရသူတွေကို လွှဲအပ်ပေးဖို့ ရုရှကို မိမိတို့ တောင်းဆိုတယ်။ ဒါမှ ဒီလူတွေဟာ သူတို့ရဲ့ စက်ဆုပ်ရွံရှာဖွယ် ပြစ်မှုတွေအတွက် တရားရုံးပြစ်ဒဏ်ကို ရင်ဆိုင်ရနိုင်မှာဖြစ်တယ်” ဟု ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင်က ပြောသည်။

မလေးရှား MH17 လေယာဉ် ပစ်ချခံရမှုကြောင့် သေဆုံးခဲ့ရသူများထဲတွင် နယ်သာလန်နိုင်ငံသား ၁၉၆ ဦး၊ မလေးရှားနိုင်ငံသား ၄၃ ဦး၊ ဩစတြေးလျနိုင်ငံသား ၃၈ ဦး အပါအဝင် နိုင်ငံ ၁၀ နိုင်ငံမှ ခရီးသည်များ ပါဝင်ခဲ့သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required