အိန္ဒိယနှင့်အမေရိကန်က တရုတ်နိုင်ငံမှ ကီလိုမီတာ ၁၀၀ အကွာတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

အိန္ဒိယနှင့်အမေရိကန်က တရုတ်နိုင်ငံမှ ကီလိုမီတာ ၁၀၀ အကွာတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

အိန္ဒိယနှင့်အမေရိကန်တို့သည် တရုတ်၏ရန်လိုမှုကို တားဆီးရန် ဥတ္တရခန်ပြည်နယ်ရှိ အော်လီဒေသတွင် ၁၈ ကြိမ်မြောက် ယုဒက်ဘ်ယက်စ် (Yudh Abhyas) ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်သွားမည်ဖြစ်သည်။

"၁၈ ကြိမ်မြောက် အိန္ဒိယ-အမေရိကန် ပူးတွဲလေ့ကျင့်ရေးမှု YudhAbhyas ကို အော်လီဒေသမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ ကုလသမဂ္ဂစည်းမျဉ်းအရ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ခြေလျင်တပ်ရင်းအဖွဲ့ရဲ့ တာဝန်တွေကို အလေးထားလေ့ကျင့်သွားမှာပါ” ဟု အိန္ဒိယစစ်တပ်၏ ပြည်သူ့ပြန်ကြားရေး ညွှန်ကြားရေးမှူးရုံးက တွစ်တာတွင် ရေးသားထားသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုသည် အချင်းချင်းကူညီပံ့ပိုးပေးခြင်းဖြင့် တရုတ်အား ရင်ဆိုင်နိုင်စေမည်ဖြစ်သည်။ ၁၅ ရက်ကြာစစ်ရေးလေ့ကျင့်မှုသည် ပင်လယ်ရေမျက်နှာပြင်အထက်မြင့်မားသောဒေသများနှင့် အလွန်အေးခဲသော ရာသီဥတုအကြားဖြစ်ပွားသည့်စစ်ပွဲများအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။

Yudh Abhyas စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံစစ်တပ်များအကြား အကောင်းဆုံးအလေ့အကျင့်များ၊ နည်းဗျူဟာများ၊ နည်းပညာများနှင့် လုပ်ထုံးလုပ်နည်းများ ဖလှယ်ရန် ရည်ရွယ်၍ အိန္ဒိယနှင့် အမေရိကန်ကြား နှစ်စဉ်ပြုလုပ်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် လေကြောင်းချီတပ်မ အမှတ်-၁၁ ၏ တပ်မဟာ-၂ မှ အမေရိကန် ကြည်းတပ် စစ်သားများနှင့် အာသံတပ်ရင်းမှ အိန္ဒိယစစ်သည်များ ပါဝင်မည်ဖြစ်သည်။

လေ့ကျင့်မှုတွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များ အားလုံး ပါဝင်မည်ဖြစ်ကာ နှစ်ဖက်တပ်များသည် ဘုံရည်မှန်းချက်များ အောင်မြင်ရန် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြမည်ဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုတွင် တိုက်ခိုက်ရေးအင်ဂျင်နီယာပညာရပ်၊ မောင်းသူမဲ့လေယာဉ်စနစ်နှင့် မောင်းသူမဲ့ယာဉ်စနစ်တိုက်ဖျက်ရေးနည်းပညာများနှင့် သတင်းအချက်အလက်စစ်ဆင်ရေးများ အပါအဝင် တိုက်ခိုက်ရေးစွမ်းရည်များ ဖလှယ်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း အများအပြား ပါဝင်မည်ဖြစ်သည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် နှစ်ဖက်စစ်တပ်အတွက် များပြားသော အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုများ မျှဝေနိုင်မည်ဖြစ်သလို သတင်းအချက်အလက်ဖလှယ်ခြင်းဖြင့် နည်းပညာများကိုလည်း တိုးတက် စေမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required