တရုတ်က အာဆီယံအစီအစဉ်တွင် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို ပြန်လည်ထည့်သွင်းလာ

By VOA
16 November 2022
တရုတ်က အာဆီယံအစီအစဉ်တွင် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို ပြန်လည်ထည့်သွင်းလာ

တရုတ်နိုင်ငံသည် ယခုသီတင်းပတ်၌ ကမ္ဘောဒီးယားတွင် ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများ (အာဆီယံ) ၏ ထိပ်သီးအစည်းအဝေးတွင် အရှေ့တောင်အာရှရှိ ၎င်း၏ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းအချို့ကို အတည်ပြုကြောင်း နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၃ နှစ်နီးပါး ရပ်ဆိုင်းထားခဲ့သော ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ကို ပြန်လည်အကောင်အထည်ဖော်နေကြောင်း အချက်ပြလိုက်သည်။

စီမံကိန်းများအနက် ဖနွမ်းပင်နှင့် ကမ္ဘောဒီးယား-ဗီယက်နမ်နယ်စပ်ရှိ ဘာဗက်မြို့သို့ ဖောက်လုပ်မည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကုန်ကျမည့် အမြန်လမ်းလည်းပါဝင်ပြီး ဖနွမ်းပင်၊ ဘန်ကောက်နှင့်

ဗီယင်ကျန်းနှင့် လာအိုတို့အကြားရှိ ရထားလမ်းကို ကျောထောက်နောက်ခံပြုကာ ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ အမြန်ရထားလမ်း ဖောက်လုပ်ထားပြီးဖြစ်သည်။

ကမ္ဘောဒီးယား ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီး ဆန်ချန်သောက အဆိုပါ အဝေးပြေးလမ်းသည် ဟိုချီမင်းမြို့နှင့် ဘာဗက်မြို့ မော့ဘိုင်နယ်စပ်ဂိတ်ကြားရှိ ဗီယက်နမ်အမြန်လမ်းနှင့် ချိတ်ဆက် သွားမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းနှစ်ခုစလုံးကို ၂၀၂၆ ခုနှစ်ကုန် သို့မဟုတ် ၂၀၂၇ ခုနှစ်အစောပိုင်းတွင် အပြီးသတ်ရန်နှင့် တရုတ်မှ မြန်မာနိုင်ငံကို ဖြတ်လျက် ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ကို ဆက်သွယ်ပေးမည့် အမှတ်-၁ အာရှ လမ်းမကြီး နှင့် အရေးပါသောချိတ်ဆက်မှုတစ်ခုအဖြစ် တည်ဆောက်ရန် မျှော်လင့်ထားကြောင်း ဝန်ကြီး ဆန်ချန် သောက ဆိုသည်။

စီမံကိန်းအများအပြားသည် တရုတ်၏တင်းကျပ်သော ကိုဗစ်-၁၉ မူဝါဒများနှင့် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များမြင့်မားလာမှုကြောင့် ရပ်ဆိုင်းထားခြင်းဖြစ်သည်။ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များသည် ကပ်ရောဂါမတိုင်ကပင် ရှိခဲ့ပြီး အထူးသဖြင့် တရုတ်လောင်းကစားရုံများနှင့် ရာဇဝတ်မှုများ ခိုအောင်းရာ နိုင်ငံတောင်ပိုင်း စီဟန်နိုဗီလီတွင် အဆိုးဆုံးဖြစ်သည်။

ကမ္ဘောဒီးယားတွင် ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံများ ပိုမိုတည်ဆောက်ခြင်းဖြင့် ခါးပတ် လမ်းရပ်ဝန်းစီမံကိန်းကို မြှင့်တင်ရန် ဟွန်ဆန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က မတ်လတွင် သဘော တူညီချက်ကို လက်မှတ်ထိုးပြီးနောက် ယခု ကြေညာချက်များတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

R&R International Group မှ အန္တရာယ်ဆိုင်ရာအကြံပေး ရော့စ်မီလိဆီဗစ်က ဘာဗက်အမြန်လမ်းသည် ကမ္ဘောဒီးယားနိုင်ငံ အရှေ့ဘက်ရှိ တရုတ်၏ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း ရည်မှန်းချက်များကို ပြီးမြောက်စေမည်ဖြစ်သလို ရထားလမ်းကလည်း အနောက်ဘက်နှင့် ထိုင်းနိုင်ငံမှတစ်ဆင့် တောင်ဘက်မလေးရှားအထိ ဖောက်လုပ်မည်ဟု ဆိုသည်။

“လုံခြုံရေးရှုထောင့်က ကြည့်မယ်ဆိုရင် ဒေသတွင်းက တချို့အစိုးရတွေနဲ့ QUAD (ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန် လုံခြုံရေးမဟာမိတ်အဖွဲ့) နိုင်ငံတွေအနေနဲ့ စိုးရိမ်မှုတချို့ရှိလိမ့်မယ်လို့ ထင်ပါတယ်” ရော့စ်မီလိဆီဗစ်က ဆိုသည်။

"သူတို့က ဒီအခြေခံအဆောက်အအုံစီမံကိန်းကို တရုတ်ရဲ့ တောင်ဘက်ဆီ ဆက်ချီတက်မှု တစ်ခုအနေနဲ့ မြင်ကြမှာပါ" ဟု ရော့စ်မီလိဆီဗစ်က ထပ်လောင်းပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required