တရုတ်က ရန်သူ၏ ဂြိုဟ်တုများကိုထောက်လှမ်းနိုင်သော ရေဒါစနစ်ထောက်ပံ့မည်ဟု မိတ်ဆွေနိုင်ငံများကို ကမ်းလှမ်း

တရုတ်က ရန်သူ၏ ဂြိုဟ်တုများကိုထောက်လှမ်းနိုင်သော ရေဒါစနစ်ထောက်ပံ့မည်ဟု မိတ်ဆွေနိုင်ငံများကို ကမ်းလှမ်း

တရုတ်နိုင်ငံသည် အနောက်နိုင်ငံပိုင် ဂြိုဟ်တုများ၏ စစ်မြေပြင်ကင်းထောက်ခြင်းဆိုင်ရာ အားသာချက်များကို အနိုင်ပိုင်းနိုင်သော ရေဒါစနစ်ဝယ်ယူရရှိနိုင်မည့် အခွင့်အရေးကို မိတ်ဆွေနိုင်ငံများသို့ ကမ်းလှမ်းလျက်ရှိသည်။

ကွမ်တုန်းပြည်နယ် ကျူဟိုင်းမြို့၌ ပြုလုပ်သော တရုတ်နိုင်ငံတကာလေကြောင်းနှင့် အာကာသပြပွဲတွင် ယခုသီတင်းပတ်အတွင်း ပြသထားသည့် ၁၀ မီတာအမြင့်ရှိသော SLC-18 အီလက်ထရွန်းနစ် စကင်န်ဖတ်ရေဒါသည် အနိမ့်ပတ်လမ်းရှိ ဂြိုဟ်တုများစွာကို တစ်ပြိုင်နက်တည်း ထောက်လှမ်းပြီး ခြေရာခံနိုင်ကာ ၎င်းတို့လမ်းကြောင်းများကို ခန့်မှန်းနိုင်ကြောင်း ရေဒါတီထွင်ထုတ်လုပ်သည့် အစိုးရပိုင် တရုတ်အီလက်ထရွန်းနစ် နည်းပညာကော်ပိုရေးရှင်း (CETC) က ပြောကြားခဲ့သည်။

“ဒီရေဒါဟာ မိတ်ဖက်နိုင်ငံတွေရဲ့ အာကာသပစ်မှတ်တွေအတွက် အပိုအလိုမရှိတဲ့ မြေပြင်အခြေစိုက် စောင့်ကြည့်မှုကို ပံ့ပိုးပေးပါတယ်။ စစ်မြေပြင်အနေအထားကို ချိန်ညှိဖို့ ပတ်လမ်းနိမ့်က ဂြိုဟ်တုတွေနဲ့မတူဘဲ အခြေအနေအလိုက် သတိပေးနိုင်စွမ်းရှိပါတယ်” ဟု CETC လက်ထောက်မန်နေဂျာ ဆန်ရွေက ပြောသည်။

ခေတ်သစ်စစ်ပွဲများတွင် ဂြိုဟ်တုထောက်လှမ်းရေးကို ပိုမိုအသုံးပြုလာသည်နှင့်အမျှ မြေပြင်တပ်ဖွဲ့များသည် ထောက်လှမ်းမှု၊ လှည့်ဖြားသော စစ်ရေးလှုပ်ရှားမှုများ သို့မဟုတ် ရေဒါထုတ်လွှင့်မှုစနစ်ကို ဟန့်တားခြင်း ကဲ့သို့သော တန်ပြန်လုပ်ဆောင်ချက်များကို ရှောင်ရှားနိုင်စေရန် ဒေသတစ်ခုအပေါ် လွှင့်တင်ထားသော သူလျှို ဂြိုဟ်တုများကို ထောက်လှမ်းနိုင်ရန် လိုအပ်သည်။

ရေဒါများသည် အာကာသကို အလုံအလောက်စောင့်ကြည့်နိုင်စွမ်းမရှိသော နိုင်ငံများအတွက် အထူး အသုံးဝင်သော ဂြိုဟ်တုစောင့်ကြည့်ရေးရေဒါများကို ပြုလုပ်ထားခြင်းဖြစ်ကြောင်း ဆန်ရွေက ပြောသည်။

အမေရိကန်သည် ပတ်လမ်းအမျိုးမျိုးတွင် ဂြိုဟ်တု ရာနှင့်ချီ ပါဝင်သော ပတ်လမ်းနိမ့်သွား ကင်းထောက် ဂြိုဟ်တုအစုကို ဖြန့်ကြက်ထားသောကြောင့် ရေဒါ စနစ်သည် ထောက်လှမ်းနိုင်ရန် အတည်ပြုနိုင်ရန်နှင့် အလျင် အမြန်တုံ့ပြန်နိုင်ရန် လိုအပ်ကြောင်း ဆန်ရွေက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့ အာကာသစောင့်ကြည့်ရေးရေဒါဟာ တခြားသော ဂြိုဟ်တုတွေကို လိုက်လျောညီထွေစွာ တုံ့ပြန်နိုင်မယ့် ရေဒါ အချက်အလက်စုဆောင်းမှုဖန်တီးဖို့ အဝေးက ဂြိုလ်တုတွေကို ထောက်လှမ်း အတည်ပြုပြီုး အမျိုးအစားခွဲခြားနိုင်သလို ဆုံးဖြတ်ချက်ချရာမှ အထောက်အကူပေးတဲ့ ကွပ်ကဲရေးစင်တာဆီ ဂြိုဟ်တုအချက်အလက်တွေ ပေးပို့သွားမှာပါ” ဟု ဆိုသည်။

တရုတ်နိုင်ငံသည် အာကာသကို ဗျူဟာမြောက် စစ်မြေပြင်အဖြစ် ရှုမြင်လျက် ဂြိုဟ်တုကာကွယ်ရေးစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ခဲ့သည်။ ၎င်းရေဒါစနစ်တွင် ပတ်လမ်းရှိ ဂြိုဟ်တုများကို ရှာဖွေထောက်လှမ်းမည့် အာကာသနည်းပညာများအပြင် မြေပြင်အခြေစိုက် ကြားဖြတ်ဒုံးကျည်များလည်း ပါဝင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly