တူရကီရှိ ဝီဂါများက အရှေ့တာကစ္စတန်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျင်းပ

By Devdicourse
16 November 2022
တူရကီရှိ ဝီဂါများက အရှေ့တာကစ္စတန်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျင်းပ

တူရကီမှ ဝီဂါအင်န်ဂျီအိုအဖွဲ့များသည် ပထမအကြိမ် (၁၉၃၃ ခုနှစ်) နှင့် ဒုတိယအကြိမ် (၁၉၄၄ ခုနှစ်) အရှေ့တာကစ္စတန်သမ္မတနိုင်ငံတည်ထောင်ခြင်းအထိမ်းအမှတ်အဖြစ် စုဝေးပွဲများစွာ ပြုလုပ်ခဲ့ကြပြီး လွတ်လပ်ရေးအတွက် သန္နိဋ္ဌာန်ပြုခဲ့ကြသည်။

သက်တမ်းတိုလှသော သမ္မတနိုင်ငံတည်ထောင်ခြင်း အထိမ်းအမှတ်များကို စိတ်အားထက်သန်စွာဖြင့် ၎င်းတို့က ကျင်းပခဲ့ကြသည်။

အရှေ့တာကစ္စတန်ဖက်ဒရေးရှင်းက အစ္စတန်ဘူလ် ဆာဖာကွိုင်ခရိုင် ကမ်မယ်ပါဆာမြို့ရှိ Nihat Yuceur အားကစားရုံတွင် နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာခွဲတွင် စုဝေးခဲ့ကြသည်။ စုဝေးပွဲသို့ အမျိုးသမီးနှင့် ကလေး သူငယ်များ အပါအဝင် အင်န်ဂျီအိုကိုယ်စားလှယ်များနှင့် ရပ်ရွာအဖွဲ့ဝင်များ လာရောက်ခဲ့ကြပြီး တက်ရောက်သူ ၂ ၀၀၀ ကျော်ရှိသည်။

စုဝေးပွဲတက်ရောက်ဆွေးနွေးသူများက အရှေ့တာကစ္စတန်တွင် တရုတ်အာဏာပိုင်များက ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်သည့်အကြောင်းပြချက်ဖြင့် အစာအငတ်ထား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေကြောင်းကို အလေးထားပြောကြားခဲ့ကြသည်။

စုဝေးပွဲတက်ရောက်သူများက အရှေ့တာကစ္စတန်သည် ၎င်းတို့ အမိမြေဖြစ်ကြောင်းနှင့် တရုတ်သိမ်းပိုက်မှုမှ လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးစားတိုက်ပွဲဝင်သွားမည်ဟု ကတိပြုခဲ့ကြသည်။

ဥက္ကဋ္ဌ ဟီဒါယက်တူလာအိုဂူဟန်ဦးဆောင်သော အရှေ့တာကစ္စတန်အင်န်ဂျီအိုများပါဝင်သော နိုင်ငံတကာ သမဂ္ဂအဖွဲ့သည် အစ္စတန်ဘူလ်ရှိ Beylikduzu Kaya ဟိုတယ်နှင့်ကွန်ဗင်းရှင်းစင်တာတွင် စုဝေးပွဲတစ်ခု ပြုလုပ် ခဲ့ပြီး အရပ်ဘက်အဖွဲ့များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဝီဂါပညာရှင်များလည်း တက်ကြွစွာ ပါဝင် ဆင်နွှဲခဲ့ကြသည်။

ဥက္ကဋ္ဌ ဟီဒါယက်တူလာအိုဂူဟန်က ဝီဂါနှင့်တခြားတိုင်းရင်းသားလူမျိုးစုများအပေါ် တရုတ်၏ လူမျိုးတုံးသတ်ဖြတ်မှုမူဝါဒကျင့်သုံးမှုကို နားလည်ရန်လိုအပ်ကြောင်း အလေးထားပြောဆိုခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အရှေ့တာကစ္စတန်နှင့် ပိုမိုထိတွေ့ဆက်ဆံရန်နှင့် ဝီဂါများများကလည်း အချုပ်အခြာအာဏာပိုင်ဝီဂါနိုင်ငံဖြစ်ရေး ဆက်ကြိုးပမ်းရန် တိုက်တွန်းခဲ့သည်။ ထိုစုဝေးပွဲသို့ တက်ရောက်သူ ၈၀၀-၉၀၀ ခန့်ရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly