ရက်ရှ်ဖို့ဒ်အတွက် အင်္ဂလန်အသင်း၏ တံခါးကို ဖွင့်ထားကြောင်း နည်းပြ ရွိုင်းဟော့ဒ်ဆန်ပြော

ရက်ရှ်ဖို့ဒ်အတွက် အင်္ဂလန်အသင်း၏ တံခါးကို ဖွင့်ထားကြောင်း နည်းပြ ရွိုင်းဟော့ဒ်ဆန်ပြော

အင်္ဂလန်၊ မတ် ၄ ။              ။ မန်ယူအသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိသည့် လူငယ်တိုက်စစ် ကစားသမားလေး ရက်ရှ်ဖို့ဒ်အတွက် အင်္ဂလန်အသင်း၏ တံခါးကိုဖွင့်ထားကြောင်း နည်းပြရွိုင်းဟော့ဒ်ဆန်က ပြောဆိုလိုက်သည်။

ရက်ရှ်ဖို့သည် မန်ယူအသင်းကြီးအတွက် သုံးပွဲပါဝင်ကစားခဲ့ရာတွင် မစ်ဂျေလန်းနှင့်အာဆင်နယ်တို့၏ပွဲများတွင် နှစ်ဂိုးစီသွင်းယူပေးခဲ့ပြီး တစ်ဂိုးဖန်တီးမှု ပြုလုပ်ထားသည်။ ထို့ကြောင့် အင်္ဂလန်နည်းပြ ဟော့ဒ်ဆန်မှာ ရက်ရှ်ဖို့ဒ်၏ ခြေစွမ်းကို သဘောကျလျက်ရှိသည်။

'ရက်ရှ်ဖို့ဒ်ကို အင်္ဂလန်အသင်းအတွက် ရွေးမယ်၊ မရွေးဘူး မပြောသေးပါဘူး။ သူအကောင်းဆုံးကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ သူ့ကို ၂ နှစ်လောက်စောင့်ကြည့်ခဲ့ပြီးပါပြီ။ ဒါကြောင့် သူ့အကြောင်းသိတာ ကြာပါပြီ။ သူက ကျွန်တော်တို့ရဲ့ အစီအစဉ်ထဲမှာ ပါဝင်သူပါ။

သူ့အသက်က ၁၈ နှစ်ပဲ ရှိသေးလို့ ဆက်လက်တိုးတက်အောင် ပံ့ပိုးပေးရမှာပါ။ လူတွေအနေနဲ့ သူ့ကို ဖိအားတွေ မပေးသင့်ပါဘူး။ သုံးပွဲမှာ လေးဂိုးသွင်းနိုင်တယ်ဆိုတာ တကယ့်အောင်မြင်မှုပါ။ ဒီခြေစွမ်းကို သူဆက်ထိန်းထားနိုင်မယ်ဆိုရင် မန်ယူနဲ့ အင်္ဂလန်အတွက် တကယ်ကို ကောင်းပါတယ်' ဟု ဟော့ဒ်ဆန်က ပြောသည်။

ရက်ရှ်ဖို့သည် မန်ယူအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သည့်အတွက် မန်ယူပရိသတ်များမှ ရွေးချယ်သော ဖေဖော်ဝါရီလအတွက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်။

ရက်ရှ်ဖို့ဒ်သည် ဒီပေးနှင့် လင်ဂတ်တို့ကို ဖြတ်ကျော်ကာ ထိုဆုကို ရခဲ့ခြင်းဖြစ်သည်။ မန်ယူပရိသတ် ၅၆ ရာခိုင်နှုန်းက ရက်ရှ်ဖို့ဒ်ကို မဲပေးခဲ့ကြပြီး ဒီပေးက ၃၁ ရာခိုင်နှုန်း၊ လင်ဂတ်က ၁၃ ရာခိုင်နှုန်း ရရှိခဲ့ကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly