ကစားသမားတွေရဲ့ ကျန်းမာရေးအတွက် ရာသီလယ်ကမ္ဘာ့ဖလားက 'ဆိုးရွားတယ်'လို့ FIFPro သတိပေး

ကစားသမားတွေရဲ့ ကျန်းမာရေးအတွက် ရာသီလယ်ကမ္ဘာ့ဖလားက 'ဆိုးရွားတယ်'လို့ FIFPro သတိပေး
Photo: EPA

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း (FIFPro) က မကြုံစဖူး ကြပ်ညက်နေတဲ့ ဘောလုံးပြက္ခဒိန်ရဲ့ တောင်းဆိုမှုတွေကြောင့် ကမ္ဘာ့ဖလား ကြယ်ပွင့်တွေဟာ ဒဏ်ရာရနိုင်ခြေ ပိုများလာတယ်လို့ အင်္ဂါနေ့က သတိပေးခဲ့သည်။

"FIFA World Cup 2022: The Player Workload Journey" အစီရင်ခံစာမှာ ပြည်တွင်းပွဲစဉ်တွေ ရပ်နားချိန်နဲ့ နိုဝင်ဘာ ၂၀ မှာ ကာတာနိုင်ငံက ပြိုင်ပွဲစတင်ချိန်ကြား ဘောလုံးသမားတွေ အနားယူဖို့ အချိန်မရှိတာကို FIFPro က အသားပေးဖော်ပြခဲ့ပါတယ်။

"လက်ရှိလိဂ်ရာသီရဲ့ ပထမနှစ်ဝက်အပြီးမှာ ကစားသမားအများစုအတွက် ပျမ်းမျှပြင်ဆင်မှုနဲ့ ပြန်လည်ထူထောင်ချိန်ဟာ ခုနစ်ရက်နဲ့ ရှစ်ရက် အသီးသီးရှိမှာဖြစ်ပြီး ပုံမှန်ထက် လေးဆလောက် လျော့နည်းသွားမှာဖြစ်တယ်"လို့ FIFPro က သူ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

"ဒါက ကြွက်သားဒဏ်ရာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု ဖြစ်နိုင်ခြေကို တိုးလာစေတယ်။"

ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ထိပ်တန်းကြယ်ပွင့်အများစုကို အခြေခံတဲ့ ဥရောပမှာ ရာသီလယ် ပထမဆုံးကစားတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

ပြိုင်ပွဲမစမီ အနားယူတာအပြင် ထိပ်တန်းလိဂ်တွေဟာ ဒီဇင်ဘာ ၁၈ ရက်မှာ ဒိုဟာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ရက်ပိုင်းအကြာမှာတင် ပြန်လည်စတင်မှာ ဖြစ်ပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်ဟာ ဗိုလ်လုပွဲအပြီး ရှစ်ရက်အကြာမှာ ပြန်လည်စတင်မှာ ဖြစ်ရာ ရုရှားနိုင်ငံမှာ ၂၀၁၈ ကမ္ဘာ့ဖလားအပြီး ၂၆ရက်အကြာနဲ့ ၂၀၁၄ ပြိုင်ပွဲအပြီး ၃၄ ရက်တို့ရဲ့ နားရက်ကို နှိုင်းယှဉ်ပြီး အစီရင်ခံစာက ထောက်ပြထားပါတယ်။

“ဒီကမ္ဘာ့ဖလားမတိုင်ခင်နဲ့ အပြီးမှာ ပြင်ဆင်မှုနဲ့ ပြန်လည်ထူထောင်ရေးကာလတွေကို သိသိသာသာ လျှော့ချလိုက်တာဟာ ကစားသမားတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေပြီး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ အဟန့်အတားဖြစ်စေတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။

အစီရင်ခံစာအရ ၂၀၂၁ ဇူလိုင် ၁၂ ရက်ကနေ ၂၀၂၂ အောက်တိုဘာ ၂၄ ရက်အထိ ဒီကာလအတွင်း လီဗာပူးလ်နဲ့ နယ်သာလန် နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ခ်ဟာ ၇၈ ပွဲမှာ ၇၅၉၇ မိနစ်နဲ့ မိနစ်အများဆုံး ကစားခဲ့တယ်လို့  ခွဲခြမ်းစိတ်ဖြာထားပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ လုံလုံလောက်လောက် ကြံ့ခိုင်မှုရှိရင်  နယ်သာလန်က ဆီနီဂေါနဲ့ တနင်္လာနေ့မှာ တွေ့ဆုံတဲ့အခါ ဗန်ဒိုက်ဟာ သူ့ရဲ့ လီဗာပူးလ်အသင်းဖော်ဟောင်းနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

မာနေးဟာ ဒီနှစ်မှာ ဆီနီဂေါအသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလားကို ဆွတ်ခူးနိုင်ခဲ့ကာ ခွဲခြမ်းစိတ်ဖြာသုံးသပ်တဲ့ကာလမှာ ပွဲပေါင်း ၉၃ ပွဲ ပါဝင်ကစားထားပါတယ်။

FIFPro ဟာ Covid-19 ကပ်ရောဂါကြောင့် ကစားသမားတွေရဲ့ အလုပ်တာဝန်နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကို ပုံမှန်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အစီရင်ခံစာက ဘောလုံးပွဲစဉ်တွေမရှိတာကြောင့် တချို့သော နိုင်ငံအသင်းတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဟန့်အတားဖြစ်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။

လွန်ခဲ့တဲ့ ခြောက်လခန့်က လေ့ကျင့်ရေးစခန်းမှာ နေထိုင်ခဲ့ကြတဲ့ အိမ်ရှင် ကာတာနိုင်ငံက ကစားသမားတွေဟာ အဲဒီအချိန်က နိုင်ငံလက်ရွေးစင်အသင်း ခြေစမ်းပွဲတွေမှာသာ ပါဝင်ကစားခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required