အာဖဂန်ဒုက္ခသည်များ အခြေအနေ ဆွေးနွေးရန် အမေရိကန်အရာရှိ ပါကစ္စတန်သို့ သွားရောက်

အာဖဂန်ဒုက္ခသည်များ အခြေအနေ ဆွေးနွေးရန် အမေရိကန်အရာရှိ ပါကစ္စတန်သို့ သွားရောက်

ကာတာနိုင်ငံ၊ ဒိုဟာတွင် အခြေစိုက်သည့် အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန်သံရုံး၏ သံရုံးယာယီတာဝန်ခံ ကာရန်း ဒက်ကာသည် ပါကစ္စတန်ရောက် အာဖဂန်ဒုက္ခသည်များ၏ အခြေအနေကို ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း Khaama Press မီဒီယာက နိုဝင်ဘာ ၈ ရက်က ပြောသည်။

အမေရိကန်အရာရှိသည် ပါကစ္စတန်ခရီးစဉ်အတွင်း အာဖဂန်ဒုက္ခသည်များ၏ အခြေအနေကို လေ့လာကြည့်ရှုသွားမည် ဖြစ်သလို အစ္စလမ်မာဘတ်၌ အာဖဂန်များကို ကူညီပံ့ပိုးရန် လုပ်ဆောင်နေသူများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ဒက်ကာ၏ တွစ်တာမှတ်ချက်ကို ကိုးကားပြီး Khaama Press မီဒီယာက ဖော်ပြသည်။

ပါကစ္စတန်ရှိ အကျဉ်းထောင်များတွင် အာဖဂန် အမျိုးသမီးများနှင့် ကလေးများ ဖမ်းဆီး အကျဉ်းချခံထားရသည် ဆိုသည့် သတင်းများ ထွက်ပေါ်ပြီးနောက် အမေရိကန်အရာရှိ ပါကစ္စတန်သို့ ခရီးစဉ် လာရောက်ခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း ပါကစ္စတန်ဘက်သို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့သည့် အာဖဂန်ဒုက္ခသည်များကို ပါကစ္စတန် အာဏာပိုင်တို့က နှိပ်စက်ကြောင်း အာဖဂန် သမ္မတဟောင်း ဟာမစ် ကာဇိုင်းက ဝေဖန်ပြောကြားခဲ့သေးသည်။

ပါကစ္စတန်အစိုးရက အာဖဂန်ဒုက္ခသည်များအပေါ် နှိပ်စက်ခြင်းကို စိုးရိမ်ပူပန်မိကြောင်း ကာဇိုင်းက ပြောသည်။ ဒုက္ခသည်များကို နိုင်ငံတကာ ဥပဒေများ၊ လူ့အခွင့်အရေး စံတန်ဖိုးများနှင့်အညီ ဆက်ဆံပေးရန် ဟာမစ်ကာဇိုင်းက ပါကစ္စတန်အာဏာပိုင်တို့ကို တိုက်တွန်းခဲ့သည်။

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်တွင် အမျိုးသမီးများနှင့် ကလေးများ အပါအဝင် အာဖဂန်ဒုက္ခသည် ၁၁၀၀ ကျော် ဖမ်းဆီး အကျဉ်းချခံထားရသည်ဟု မီဒီယာသတင်းများက ဖော်ပြကြောင်း ဟာမစ် ကာဇိုင်းက တွစ်တာတွင် ရေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required