ဝန်ကြီးချုပ်ဟောင်းကို လုပ်ကြံရန် ကြိုးပမ်းမှု ပေါ်ပေါက်ပြီးနောက် ပါကစ္စတန် PTI ပါတီက ခရီးဝေးချီတက်မှုကို ပြန်စ

ဝန်ကြီးချုပ်ဟောင်းကို လုပ်ကြံရန် ကြိုးပမ်းမှု ပေါ်ပေါက်ပြီးနောက် ပါကစ္စတန် PTI ပါတီက ခရီးဝေးချီတက်မှုကို ပြန်စ

ပါကစ္စတန်နိုင်ငံတွင် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ၏ ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကို လုပ်ကြံရန် ကြိုးပမ်းမှုဖြစ်စဉ် ပေါ်ပေါက်မှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်က အဆိုပါ ပါတီ၏ ခရီးဝေး ချီတက်မှု ရပ်ဆိုင်းသွားခဲ့ပြီးနောက် ယခုအခါ နိုဝင်ဘာ ၁၀ ရက်တွင် ပါတီအကြီးတန်း ခေါင်းဆောင် ရှား မာမွတ် ကူရီရှီး ဦးဆောင်ပြီး PTI ပါတီ၏ မြို့တော် အစ္စလမ်မာဘတ်သို့ ခရီးဝေးချီတက်မှုကို ပြန်လည် စတင်ခဲ့သည်။

“ခရီးဝေး ချီတက်မှုဟာ ဝါဇီရာဘတ်ကနေ တစ်ဖန် ပြန်လည် စတင်ခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ ကတိပြုချက်က ခိုင်မာသလို ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေကလည်း တက်ကြွနေပါတယ်။ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ အာဇာနည်တွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေက သေချာပေါက် အောင်မြင်ပါလိမ့်မယ်။ သွားကြစို့ အပေါင်းအသင်းတွေရေ။ ဥက္ကဋ္ဌကြီး အီမရန်ခန်း ကိုယ်တိုင်လည်း ရာဝယ်ပင်ဒီကနေစပြီး ဒီယာဉ်တန်းကို ဦးဆောင်ပါလိမ့်မယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဟောင်း ကူရီရှီးက တွစ်တာတွင် ရေးသည်။

ဆန္ဒပြချီတက်ပွဲမတိုင်မီ ပန်ဂျပ်ပြည်နယ် ဝါဇီရာဘတ်မြို့တွင် အတိုက်အခံများအား ထောက်ခံသူ ထောင်ပေါင်းများစွာတို့ စုဝေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ကူရီရှီးက လူအုပ်ကို မိန့်ခွန်းပြောခဲ့သည်။ ပါတီခေါင်းဆောင် အီမရန် ခန်းက အစ္စလမ်မာဘတ်၏ အမြွှာမြို့ဖြစ်သည့် ရာဝယ်ပင်ဒီမှစပြီး ချီတက်ပွဲကို ဦးဆောင်လိမ့်မည်ဟု ကူရီရှီးက ကတိပြုသည်။

ပါတီ၏ ဆန္ဒပြ ခရီးဝေးချီတက်မှု၏ ၆ ရက်မြောက်နေ့ ဖြစ်သည့် ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်က ဝန်ကြီးချုပ် ဟောင်း အီမရန် ခန်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ခြေထောက်တွင် ဒဏ်ရာများ ရသွားခဲ့သည်။ အီမရန်ခန်းက သူ၏ အသက်ကို လုပ်ကြံရန် ကြိုးပမ်းမှု၏ နောက်ကွယ်တွင် စစ်တပ် အကြီးတန်းအရာရှိ ဗိုလ်ချုပ် ဖိုင်ဆယ် နက်စီရာ ရှိနေကြောင်း နိုဝင်ဘာ ၉ ရက်တွင် စွပ်စွဲသည်။

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် ပါတီ၏ ခရီးဝေးချီတက်မှု ပြန်စချိန်တွင် ပန်ဂျပ်ပြည်နယ်အစိုးရသည် ပြည်နယ်၏ ခရိုင် ၄ ခု၌ လုံခြုံရေး အစီအမံများ အသင့်ဖြစ်စေရန် သက်ဆိုင်ရာ အရာရှိများနှင့်အတူ လုံခြုံရေးအမှုထမ်း ၁၅၄၂ ဦးကို စေလွှတ်ခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required